Follow Us

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး သူနာပြုနှင့်သားဖွား အသင်းတို့ ပူးပေါင်း၍ကျင်းပသော စဉ်ဆက်မပြတ် သူနာပြုနှင့်သားဖွားပညာရေး ဆွေးနွေးဟောပြောပွဲ အခမ်းအနား ကျင်းပ

Fri, 11/15/2019 - 22:38

ထားဝယ် နိုဝင်ဘာ ၁၅

          ယနေ့ ၀၉၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး သူနာပြုနှင့်သားဖွားအသင်းတို့ ပူးပေါင်း၍ကျင်းပသော စဉ်ဆက်မပြတ် သူနာပြု-သားဖွားပညာရေးဆွေးနွေး ဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်  သာယာရေးဝန်ကြီး ဦးဟိုပင်၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းဗဟိုဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင်  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာစကားပြောကြားရာ ပြည်သူလူထု၏ ကျန်းမာရေးကိုပြုစုစောင့်ရှောက်  မြှင့်တင်ပေးသောနေရာတွင် အဓိကအရေးပါသော အခန်းကဏ္ဍမှ တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြသော သူနာပြု-သားဖွား၊ ကျန်းမာရေးဆရာမများကို တစ်စုတစ်ဝေးတည်း ညီညီ ညွတ်ညွတ်တွေ့မြင်ရသောကြောင့် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး သူနာပြု နှင့်သားဖွားအသင်းသည် အခြားသောပြည်တွင်းလူမှုရေးအဖွဲ့များနည်းတူ နိုင်ငံတော်၏ အားထား ရသောအင်အားစုဖြစ်ကြောင်း၊ သူနာပြု-သားဖွား ကျန်းမာရေးဆရာမများသည် အဓိကကျသော အမျိုးသားစွမ်းအားစုများဖြစ်ကြ၍ ရောဂါရှာဖွေရေး၊ ပြုစုကုသရေး၊ ကျန်းမာရေးအသိပညာဖြန့်ဝေ ပေးရေးလုပ်ငန်းများတွင် လူနာများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသောကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အနီးကပ်အထောက်အကူပြုနေကြသူများဖြစ်ကြောင်း၊ သူနာပြု၊ သားဖွား၊ ကျန်းမာရေးဆရာမများ ကိုယ်တိုင်မိမိတို့၏ တာဝန်ဝတ္တရားများအပေါ်တွင် စေတနာ ထပ်ဆောင်း၍ မေတ္တာရှေ့ထားဆောင်ရွက်ကြမှသာ နိုင်ငံတော်မှ မျှော်မှန်းထားသော ပြည်သူ့ ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများ အပြည့်အဝအောင်မြင်မည်ဖြစ်ပါကြောင်း၊ တတ်မြောက် ထားသော သူနာပြုပညာရပ်များကိုအသုံးချ၍ ကိုယ်ရည်ကိုယ်သွေးများအပေါ် အခြေခံကာ မွန်မြတ်သန့်စင်သော သူနာပြု၊ သားဖွားစိတ်ဓာတ်နှင့် ဆောင်ရွက်ရသော သူနာပြုလုပ်ငန်းကြီးကို မြတ်နိုးတန်ဖိုးထားသောစိတ်ဓာတ်တို့ကိုအခြေခံ၍ နီ၊ ပြာ၊ဝါ၊စိမ်း နိုက်တင်ဂေးလ် နတ်မိမယ် များအားလုံး အောင်မြင်မှုများရကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှဦးစီးမှူးမှ ဆွေးနွေးပြောကြားပြီး ဆက်လက်၍မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါ်ရင်မြမှ အမှာစကားပြောကြား ၍ တနင်္သာရီတိုင်းဒေသကြီး သူနာပြုနှင့်သားဖွားအသင်းဥက္ကဋ္ဌက စဉ်ဆက်မပြတ် သူနာပြုနှင့် သားဖွားပညာရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။