Follow Us

တနင်္သာရီတိုင်းဒေသကြီးအထွေထေွအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) အစည်းအဝေး ကျင်းပပြုလုပ်

Thu, 10/31/2019 - 23:06

ထားဝယ် အောက်တိုဘာ ၃၁

          ယနေ့ ၁၁၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တနင်္သာရီတိုင်း‌‌ဒေသကြီး အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား(၁၅၈)ဦး တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော် က အဖွင့်အမှာစကားပြောကြားရာ၌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အနေဖြင့် ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန်အောင်ပွဲအား ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ခွင့်ကိစ္စအနေဖြင့် စီမံ(၁)မှ ညွှန်ကြားရေးမှူးအထိ ရှောင်တခင်ခွင့်ခံစားရာတွင် သတင်းပေးပို့ခြင်း မရှိဘဲ နယ်ကျော်သွားရောက်ခြင်းမပြုကြရန်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်သော (၃၁)ကြိမ် မြောက် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားအတွက် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ သွေးလှူဒါန်းခြင်းများ၊ ဝန်ထမ်းများအားအကျွေးအမွေး အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင် က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

          ယင်းနောက် ညွှန်ကြားရေးမှူးများက လုပ်ငန်းတာဝန်များဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများက ဆွေးနွေး တင်ပြချက်များအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများအား တာဝန်ရှိသူများမှ ပြန်လည် ဖြေကြားပြီး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ၁၁၅၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့‌ကြောင်း သတင်းရရှိပါသည်။