Follow Us

လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ် (၁၁/၂၀၁၉) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Tue, 10/29/2019 - 21:32

ထားဝယ်  အောက်တိုဘာ ၂၉

          ယနေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် လျှပ်စစ်၊ ဂဟေ ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်( ၁၁/၂၀၁၉ ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇယျ၊ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။                  

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က အဖွင့်အမှာစကားပြောကြားရာ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့နှင့်ကော့သောင်းမြို့တို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (၂)ကျောင်း၊ ထားဝယ်မြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်း ကျောင်း(၁)ကျောင်းတို့ကို ဖွင့်လှစ်၍လူငယ်များအား အသက်မွေးမှုပညာရပ်များ သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း ၊ ယခုဖွင့်လှစ်မည့်သင်တန်းတွင် လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင် ဘာသာရပ်တို့ကိုဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး ဆောက်လုပ်ရေးသင်တန်းတွင် လက်သမား၊ ပန်းရံ၊ သံချည်၊ သံကွေး၊ ပိုက်ပြင် ၊ ပိုက်ဆက် ပညာရပ်များ ၊ လျှပ်စစ်သင်တန်းတွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် Air – com ပြုပြင်ခြင်းပညာရပ်များ ၊  ဂဟေသင်တန်းတွင် လျှပ်စစ်ဂဟေ ၊ ဓါတ်ငွေ့ဂဟေပညာရပ်များ၊ မော်တော်ယာဉ်စက်ပြင်သင်တန်းတွင် အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်း ၊ မီးစနစ်ပိုင်းပညာရပ်များနှင့် လက်ကိုင်ဖုန်းပြုပြင်ခြင်း အတတ်ပညာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းကိုတက်ရောက်ကြမည့် သင်တန်းသားများအနေနှင့့််လည်း နိုင်ငံတော်၏ အချိန်နှင့်ငွေတန်ဖိုးများစွာ အကုန်အကျခံကာ ဆောင်ရွက်ပေးသည့် ရည်ရွယ်ချက်နှင့် စေတနာကို နားလည်တုန့်ပြန်သောအားဖြင့် သင်တန်းကာလပြီးဆုံးသည်အထိ  တက်ရောက်သင်ယူ ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

          ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်ဇေယျ နှင့် တာဝန်ရှိသူများ က သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားကို ၀၈၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

သတင်းပေးပို့သူ - ကိုကျော်ကျော်လတ် (ထားဝယ်ခရိုင်ပြန်/ဆက်)