Follow Us

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (၄/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Thu, 10/24/2019 - 01:29

ထားဝယ် အောက်တိုဘာ ၂၃

          ယနေ့ ၁၄၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ (၄/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ နာယက၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊  တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအစားအသောက် နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ နာယက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာစကားပြောကြားရာ ပြည်သူများ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီကို သက်ဆိုင်ရာဌာနများဖြင့် ဖွဲ့စည်းဆောင်ရွက်ထားပါကြောင်း၊ ကော်မတီသည် နယ်စပ်မှဝင်ရောက် လာသော အေးခဲကြက်သား၊ ငှက်ပျောသီး၊ ဝက်အူချောင်းနှင့် ဝက်သားများအား စားသုံးရန် သင့်/မသင့် စစ်ဆေးရာတွင် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့ကြပါကြောင်း၊ လမ်းဘေးဈေးသည်များ၊ စားသောက်ဆိုင်များကိုလည်း သန့်ရှင်းစွာရောင်းချနိုင်ရေး ပညာပေးဟောပြောခြင်း၊ ပုံမှန်စစ်ဆေး ခြင်းများ ပြုလုပ်သင့်ပါကြောင်း၊ သောက်ရေသန့်လုပ်ငန်းများလည်း အစားအသောက်နှင့်ကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်လိုင်စင်မရှိဘဲ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အသီးအရွက် နှင့် အသားငါးများကို ပိုးသတ်ဆေးနှင့် ယင်မနားဆေး၊ လောက်သေဆေးများ ထည့်သုံးနေကြ၍ စားသုံးသူများမှာ ကင်ဆာရောဂါဖြစ်သည်အထိ ဆိုးကျိုးများရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသော ဒေသဖြစ်သည့်အတွက် စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင် များ၊ ဟိုတယ်များအား ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါကြောင်းနှင့် နိဂုံးချုပ်အနေဖြင့် ပြည်သူ လူထုအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ပေးခြင်းနှင့် ကွင်းဆင်း စစ်ဆေး ခြင်းများ ကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင် က အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ ဆေးပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြား ပြီးနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ၁၅၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။