Follow Us

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော e-Government အခြေခံ ကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Wed, 10/23/2019 - 21:42

ထားဝယ် အောက်တိုဘာ ၂၃

          ယနေ့ နံနက် ၀၉၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ် အစည်းအဝေး ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော e-Government အခြေခံ ကွန်ပျူတာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကွန်ပျူတာတက္ကသိုလ် ဆရာ/ဆရာမများ၊ သင်တန်းသူ/သားများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က အဖွင့်အမှာစကားပြောကြားရာ  မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစရှိသောကဏ္ဍများ အဘက်ဘက်မှ တိုးတက်လာနိုင်စေရန် အစိုးရ အဖွဲ့အစည်းများမှ ကြိုးပမ်းဆောင်ရွက်ရာ၌ e-Government သည် အဓိကအရေးကြီးသည့် အစိတ်အပိုင်း၌ ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားရည်မှန်းချက် တစ်ရပ်အဖြစ်ချမှတ်ခဲ့သော စီးပွားရေး မူဝါဒများ အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် “ Data ID Card System, Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်” ဟူသောမူဝါဒအား ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ၌ ချမှတ်ခဲ့ပါကြောင်း၊ e-Government လုပ်ငန်းများတီထွင်ဖော်ထုတ်မှုနှင့် တိုးတက် ဖွံ့ဖြိုးမှုကြောင့် ပြည်သူပိုင်နှင့် နိုင်ငံပိုင်ကဏ္ဍတွင် ICT ဆိုင်ရာ Hardware နှင့် Software များပေါ်တွင် သုံးစွဲလိုမှုနှင့်ဝယ်လိုအားများ မြင့်တက်လာမည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ICT လုပ်ငန်းစုကြီးနှင့် ICT ကဏ္ဍကြီးတစ်ခုလုံးအား နိုင်ငံတော်၏ စီးပွားရေးတွင် အဓိကအရေးကြီးသော အခန်းကဏ္ဍသို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ e-Government ရေးဆွဲထားသော Myanmar e-Governance Master Plan (2016-2020) အား အစိုးရဌာနအသီးသီးမှ ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး e-Government အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီအနေဖြင့် e-Government လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပူးပေါင်း၍ အစိုးရဌာနရှိဝန်ထမ်းများအား ရုံးသုံးကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ရုံးလုပ်ငန်းများကို ICT အသုံးပြု၍ လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြား ခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်း ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်တို့မှ အခမ်းအနားတက်ရောက်လာသူများနှင့် မှတ်တမ်းဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ၀၉၂၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပြီးနောက် သင်တန်းသား/သူများ သင်တန်းတက်ရောက်မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။