Follow Us

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီး ပထမဒိုင်းဆု ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

Mon, 10/21/2019 - 22:47

ထားဝယ်  အောက်တိုဘာ   ၂၁

          ယနေ့ ၁၁၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီး ပထမဒိုင်းဆု  ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တိုင်းဒေသကြီးအားကစား ဆပ်ကော်မတီ ဥက္ကဌ နှင့်လက်ဝှေ့အားကစားသမားများ တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ စုပေါင်းတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီးပထမဒိုင်းဆု ဆွတ်ခူးရရှိခဲ့သော လက်ဝှေ့ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ဂုဏ်ပြုအမှာစကား ပြောကြားရာ ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဟူသော မင်္ဂလာတရားတော်နှင့်အညီ ကျင်းပသောမင်္ဂလာ အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်းဒေသကြီး၊ မိမိဒေသရဲ့ ဂုဏ် အဆင့်အတန်းကို မြင့်မားတိုးတက်စေပါကြောင်း၊    တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်  တိုင်းဒေသကြီး နှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲများတွင် ၂၀၁၁ခုနှစ် ရွှေ (၃)ခု၊ ကြေး(၇)ခု၊ ၂၀၁၂ ခုနှစ် ရွှေ (၁)ခု၊ ငွေ (၁)ခု၊ကြေး(၃)ခု၊ ၂၀၁၃ ခုနှစ်၊ ရွှေ(၂)ခု၊ ငွေ(၄)ခု၊ ကြေး(၂)ခု၊ ၂၀၁၄ ခုနှစ်၊ ရွှေ(၅)ခု၊ ကြေး(၂)ခု၊ ၂၀၁၅ ခုနှစ်၊ ကြေး (၂)ခု၊ ၂၀၁၆ ခုနှစ်၊ရွှေ(၆)ခု၊ ငွေ(၄)ခု၊ ကြေး(၄)ခု၊ ၂၀၁၇ ခုနှစ်၊ ရွှေ(၅)ခု၊ ငွေ(၂)ခု၊ ကြေး(၃)ခု၊ ၂၀၁၈ ခုနှစ်၊ ရွှေ(၆)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခု ဆုများ အသီးသီးရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ရွှေ(၅)ခု၊ ငွေ(၃)ခု၊ ကြေး(၂)ခုနှင့် အမျိုးသမီးပထမဒိုင်းဆုကို  ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ယခုလိုအောင်မြင်မှု များရရှိခြင်းသည် တိုင်းအတွင်းရှိ လက်ဝေှ့နည်းပြ ဆရာများ အရည်အချင်းမြင့်မားစေရေးအတွက် နည်းပြသင်တန်းကို မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်၏ အကူအညီဖြင့် တိုင်းဒေသကြီးအတွင်း ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းနှင့် ကြိုတင်စခန်းသွင်း လေ့ကျင့်ခဲ့ခြင်းကြောင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီးပထမဒိုင်းဆု ဆွတ်ခူးရရှိခြင်းဖြစ်ပါကြောင်း၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီး ပထမဒိုင်းဆု ရရှိခဲ့သည့်အတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထိုက်ထိုက်တန်တန်  ချီးကျူး ဂုဏ်ပြုပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးလက်ဝှေ့အဖွဲ့အနေဖြင့် ရရှိပြီးဖြစ်သော အောင်မြင်မှုများအား  အနာဂါတ်သို့ ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရေးအတွက် မလျှော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊ စိတ်ဓာတ် ခွန်အားများဖြင့် “တရားသဖြင့်ယှဉ်ပြိုင်၊ နိုင်အောင်ကြိုးပမ်း” “ယှဉ်ပြိုင်လျှင်နိုင်ရမည်”ဟူသော ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး နိုင်ငံဂုဏ်ဆောင် အားကစား သမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီး လက်ဝှေ့အသင်းအုပ်ချုပ်သူ ဦးသန်းဇော်မိုး က ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မှု အခြေအနေကိုရှင်းလင်းတင်ပြ၍ ဆွတ်ခူးရရှိခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ စုပေါင်းတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီးပထမဒိုင်းဆုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်ထံ အပ်နှံခဲ့ပါသည်။

          ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီးပထမဒိုင်းဆု ဆွတ်ခူးရရှိသည့် တနင်္သာရီတိုင်းဒေသကြီး လက်ဝှေ့အားကစားသမား များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လက်ဝှေ့ဆက်ကော်မတီ ဥက္ကဌ ဦး‌အောင်နိုင်၊ တိုင်းဒေသကြီးပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဌ ဦးပီတာတို့က ဂုဏ်ပြုဆု ငွေများအသီးသီး ချီးမြှင့်ပေးအပ်ကာ အခမ်းအနားကို ၁၁၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။