Follow Us

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

Fri, 10/18/2019 - 23:39

ထားဝယ် အောက်တိုဘာ  ၁၈

          ယနေ့ ညနေ ၁၅၀၀ နာရီ အချိန်တွင် တိုင်းဒေသကြီးအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင် အသင်းနည်းပြများ၊ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများ တက်ရောက်ခဲ့ပါသည်။

            အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင် က အမှာစကား ပြောကြားရာ၌ မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက်ဘောလုံးပြိုင်ပွဲသည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၁၆) ရက်နေ့ တွင် နေပြည်တော်၌ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုလက်ရွေးစင် အားကစားသမားများရွေးထုတ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် တိုင်းဒေသကြီးအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာရေးအတွက် ရည်ရွယ်ကျင်းပသော ပြိုင်ပွဲ တစ်ခုဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် နေရာအနှံ့အပြားကျေးလက်ဒေသတွေပါမကျန် လူငယ်များ ယှဉ်ပြိုင်ကစားကြသောအားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ အားကစားနည်းတစ်ခုကို စိတ်ပါဝင်စားစွာ ကစားရင်းဖြင့် လူငယ်လူရွယ်များချစ်ကြည်ရင်းနှီးမှုရရှိပြီး စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်ရန် ဘောလုံးအားကစားနည်းကို ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာအားပေးလာ ခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများပေါ်ထွက်လာပြီး ဘောလုံးအားကစား အဆင့်အတန်းပိုမိုမြင့်မားတိုးတက်လာစေရေးကို အထောက်အကူပြုနိုင်ရေးအတွက် ရည်ရွယ်၍ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း၊ အားကစားလှုပ်ရှားမှုသည် အားကစားသမားတစ်ဦးချင်း ကိုယ်ကာယကြံ့ခိုင်မှု၊ ခန္ဓာကိုယ်ကို စနစ်တကျ ထိန်းသိမ်းလှုပ်ရှားနိုင်မှု၊ အင်အားပြည့်ဖြိုးပြီး ကျန်းမာကြံ့ခိုင်မှု စသော ရုပ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှုများအပြင် မိမိ၏ပြိုင်ဘက်ကို တရားသောယှဉ်ပြိုင်မှုဖြင့် အောင်မြင်အနိုင်ယူတက်သော စိတ်ဓါတ်၊ စည်းကမ်းကောင်းစသော စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ အရည်အချင်းရှိသော ဘောလုံးအားကစားသမားများကို စိစစ်ရွေးချယ် စခန်းသွင်းလေ့ကျင့်၍ တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်၍ ဘောလုံးအားကစားသမား များအနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံအရှုံးမပေးသော အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင် ကစားကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

             ထိုနောက် မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက်ဘောလုံးပြိုင်ပွဲအသင်းဝင် (၁၃)သင်းမှ အားကစားသစ္စာအဓိဋ္ဌာန်ရွက်ဆို၍ ပလောက်အသင်းနှင့် ကလိန်အောင်အသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။