Follow Us

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 10/18/2019 - 21:18

ထားဝယ် အောက်တိုဘာ  ၁၈

          ယနေ့ ၁၀၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာ၌ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပဧည့်သည်များ သွားလာလည်ပတ်ရန် လှပသောကမ်းခြေများ၊ တောတောင်ရေမြေသဘာဝများ၊ ကျွန်းများ၊ ရေအောက်သဘာဝရှုခင်းများနှင့် သန္တာကျောက်တန်း များစွာ ရှိခြင်းတို့ကြောင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် လျက်ရှိသဖြင့် တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလျက်ရှိပါကြောင်း၊ မြိတ်ကျွန်းစုဒေသသည် အဏ္ဏဝါ ခရီးသွားလုပ်ငန်း ကို အဓိကဆောင်ရွက်နေသဖြင့် ကျွန်းများ၊ ကမ်းခြေများ၊ မပျက်စီးစေရေးသည် ခရီးသွားနယ်ပယ်နှင့် ဆက်စပ်နေသူများ ထိန်းသိမ်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသခံလုပ်ငန်းရှင်များ၏ ခရီးသွားလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး အခြေခံအဆောက်အဦများ၊ လူ့စွမ်းအားဆိုင်ရာသင်တန်းများ၊ Promotion Marketing ဆိုင်ရာကိစ္စရပ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရ၏ ပံ့ပိုးထောက်ပံ့မှု ဆက်စပ်ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အနာဂတ်ခရီးသွား လုပ်ငန်းကဏ္ဍသည် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေများဖြင့်လည်း ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးမှ (၂/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခြင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး၊ တနင်္သာရီတိုင်း ဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ၁၂၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရှိပါသည်။