Follow Us

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် အခမ်းအနားကျင်းပ

Sun, 10/13/2019 - 18:12

ထားဝယ် အောက်တိုဘာ ၁၃ 

          ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် အခမ်းအနားကို နံနက် ၀၂၄၅ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့   အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။

          အခမ်းအနားကို မင်္ဂလာအချိန်ကျရောက်သော နံနက် ၀၃၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဝင်း၊ သပိတ်မျှောပွဲတော်ဦးစီးကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို ကိုယ်တိုင်ပါဝင် ကုသိုလ်ပြုဆင်နွဲခဲ့ကြပါသည်။

          သပိတ်မျှောတော်ပွဲကို နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲလာရောက်သူများကို စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေး ခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံငယ်များ လွင့်တင်ခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး သပိတ်မျှောပွဲတော်ကို နံနက် ၀၁၀၀ နာရီ အချိန်မှစ၍ နံနက် ၀၅၀၀ နာရီ အချိန် အထိ ဒေသခံပြည်သူများက စည်ကားသိုက်မြိုက်စွာဖြင့် သပိတ်မျှောကုသိုလ်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။