Follow Us

တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး က အလှူငွေကျပ်သိန်း(၃၀၀) ထောက်ပံ့ လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Fri, 09/27/2019 - 22:05

ထားဝယ်    စက်တင်ဘာ    ၂၇

          ယနေ့ နံနက် ၉ နာရီအချိန်တွင် ထားဝယ်မြို့၊ မြေတိုက်ဘုန်းတော်ကြီးကျောင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး က မြေတိုက်ကျောင်းဝင်းအတွင်း တစ်ထပ်ကျောင်း ဆောင်သစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အလှူငွေကျပ်သိန်း(၃၀၀) ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ  တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြေတိုက်ကျောင်းဆရာတော် သဒမ္မဇောတိကဓဇဘဒန္တကလျာဏ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ပါသည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့် တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရန်လင်းအောင် တို့က အလှူငွေကျပ်သိန်း(၃၀၀) ထောက်ပံ့လှူဒါန်းပေးအပ်ရာ ကျောင်းအကျိုးတော်ဆောင်အတွင်းရေးမှူး ဒေါ်ဌေးဌေးလှ က လက်ခံရယူ ပြီး မြေတိုက်ကျောင်းဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အနုမောဒနာ တရားနာယူခဲ့ပြီး တက်ရောက်လာကြသူများက အခမ်းအနားကို ဗုဒသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။