Follow Us

လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကျင်းပ

Fri, 09/27/2019 - 21:58

ထားဝယ်    စက်တင်ဘာ   ၂၆

          စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်တွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကျင်းပပြုလုပ် ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီး အကဲများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်ချစ်သန်း က ပြည်သူ့စကားဝိုင်းများကို ဒီမိုကရေစီ၏အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူ များအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်း များအား ဖော်ဆောင်ပေးနိုင်ရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသောအကြောင်းအရာများကို အများ ပြည်သူကြား ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများမြင့်မားလာပြီး ဆွေးနွေး ပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဉက္ကဋ္ဌ ဦးကြည်စိုး က လူကုန်ကူးမှုမခံရအောင်၊ မဖြစ်ပွားအောင် ကိုယ်ပိုင်အသိဉာဏ်ဖြင့် စဉ်းစားတွေးခေါ်မှုများရှိရန်လိုအပ်ကြောင်း၊ စာပေများကို လေ့လာလိုက်စားစေလိုကြောင်း၊ ကျောင်းစာများတွင်သာမက ပြင်ပရှိစာပေဗဟုသုတများကိုလည်း လေ့လာ စေလိုကြောင်း၊ အပြင်ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံဖြင့်ခွဲခြားစိတ်ဖြာ၍ မရနိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်အတွေးအခေါ်ဖြင့်သာ စဉ်းစားဆုံးဖြတ်နိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် သိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်း ဆွေးနွေးပြောကြားပါသည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့လုပ်ငန်းများကို ၁၉၉၇ ခုနှစ်မှစ၍ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ချမှတ်ခဲ့ပြီး အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက် ဖျက်ရေးစီမံကိန်းတွင် ရေးဆွဲခဲ့သည့် မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ လူကုန်ကူးမှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ကျူးလွန်သူများကို တရားစွဲဆိုရေး၊ လူကုန်ကူးခံရသူများကို ကာကွယ်စောင့် ရှောက်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေသူများကို စွမ်းရည်မြှင့်တင်ရေးဆိုသည့် လုပ်ငန်း ကဏ္ဍကြီး (၅)ရပ် ချမှတ်ပြီး စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် လူကုန်ကူးမှု အန္တရာယ်အကြောင်း သိကောင်းစရာများကို  ဆွေးနွေးပြောကြားပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဉပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးဝင်းမြင့်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ထားဝယ်) ရဲအုပ်အောင်ကျော်မြင့် တို့က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ လူကုန်ကူးမှုခံရနိုင်သောအခြေအနေများအကြောင်း၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ် ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း၊ မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုများ အကြောင်း၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုအကြောင်း၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဉပဒေဆိုင်ရာများအကြောင်း၊ နယ်စပ်ဖြတ်ကျော်လူပွဲစားများအကြောင်း သတိ ပြုရန်အချက်များနှင့် သတိပြုရမည့်သူများအကြောင်းစသည့်တိုကို ဆွေးနွေးပြောကြားပါသည်။

          ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။