Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပ

Wed, 09/25/2019 - 23:03

ထားဝယ်   စက်တင်ဘာ   ၂၅

          ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ဒုတိယ အကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦးနှင့် လေ့လာသူသတင်းမီဒီယာ(၁၆)ဦးတို့ တက်ရောက် ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်းတို့က ဆောင်ရွက်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနေရာယူပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးရှိသည့်အနက် (၂၆)ဦးတက်ရောက်ခဲ့သဖြင့် စုစုပေါင်း ၉၂.၈၅ ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက် ရန်လိုအပ်သော ကိုယ်စားလှယ်ဦးရေထက်ဝက်ကျော်လွန်သည့်အတွက် ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့) အထမြောက်ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

          အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(ပထမနေ့) အစည်းအဝေး တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ် ပွင့်ပြမေးခွန်း(၄)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စားသက်ဆိုင်ရာဝန်ကြီးက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် ဥပဒေပြုရေး  ဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အား ဖတ်ကြားရှင်းလင်းခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားသက်ဆိုင်ရာဝန်ကြီးက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ တနင်္သာရီ တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (မူကြမ်း)ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အား ဖတ်ကြားရှင်းလင်းခဲ့ပါသည်။

          ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာဝန်ကြီး က ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၏ အထွေထွေပိုလျှံရန်ပုံငွေ (GRF)မှ ရန်ပုံငွေလွှဲ ပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ရပ်နားခဲ့ပြီး (ဒုတိယနေ့)ကို ၃၀.၉.၂၀၁၉ ရက်၊ တနင်္လာနေ့၊ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။