Follow Us

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် စည်းကမ်းပျက်ယာဉ်များမှ သိမ်းဆည်းရမိသည့် ပါဝါအိတ်ဇောများ စတုတ္ထအကြိမ် ဖျက်ဆီးခြင်းအခမ်းအနားကျင်းပ

Tue, 09/24/2019 - 18:32

ထားဝယ်  စက်တင်ဘာ  ၂၄

          ယနေ့ နံနက် ၉ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစား ခန်းမ၌ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် စည်းကမ်းပျက် ယာဉ် များမှ သိမ်းဆည်းရမိသည့် ပါဝါအိတ်ဇောများ စတုတ္ထအကြိမ် ဖျက်ဆီးခြင်းအခမ်းအနားကျင်းပပြု လုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ပါသည်။  

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြား ရာ၌ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသံဆူညံပါဝါအိတ်ဇော များကို စတုတ္ထအကြိမ် ကြိတ်နင်းဖျက်ဆီးသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ထားဝယ်မြို့တွင်သာမက ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တတိယအကြိမ်နှင့် မြိတ်ခရိုင်၊ မြိတ်မြို့တွင် စတုတ္ထအကြိမ် ဖျက်ဆီးခြင်း အခမ်းအနားများကိုလည်း ကျင်းပလျက်ရှိပါကြောင်း၊ အသံဆူညံ ပါဝါအိတ်ဇော တပ်ဆင် မောင်းနှင်ခြင်းသည် လူ့အသက်အန္တရာယ်ကို ထိခိုက်နိုင်သည့် ကျူးလွန်မှုမျိုး မဟုတ်သော်လည်း အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်ခြင်းနှင့် ပတ်ဝန်းကျင်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်း တို့ကို ဖြစ်ပေါ်စေသည့် အသိတစ်ခုရရှိစေရန် ရည်ရွယ်၍ ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ အများပြည်သူများကလည်း တာဝန်ရှိသူများမှ အရေးယူဆောင်ရွက်လျက်ရှိနေသည်ကို သိရှိ နိုင်ပြီး ကျူးလွန်မည့်သူများကလည်း ဖမ်းဆီးအရေးယူဖျက်ဆီးခြင်း ဆောင်ရွက်ချက်များအား သိရှိသွား ပါက ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်မည်ဖြစ်၍ ယခုတက်ရောက်လာသော သတင်းမီဒီယာအဖွဲ့ များမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးရန်လိုအပ်ပါကြောင်း၊ ဖမ်းဆီးစစ်ဆေးရေးအဖွဲ့များက ယခုထက် အရှိန်အဟုန်ဖြင့် တိုးမြှင့်ဖမ်းဆီးသွားရန်နှင့် ပါဝါအိတ်ဇောများ လျော့နည်းပပျောက်သွားသည်အထိ ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လူတစ်ဦးချင်းစီတွင် လွတ်လပ်ခွင့်၊ အခွင့်အရေး များနှင့် ရပိုင်ခွင့်များရှိသော်လည်း တစ်ပါးသူ၏လွတ်လပ်ခွင့်၊ အခွင့်အရေးများနှင့်  ရပိုင်ခွင့်များကို မထိခိုက်အောင်သတိထားရန် လိုအပ်သလိုစောင့်ထိန်းရန်လည်းလိုအပ်ပါကြောင်း ထားဝယ်မြို့တွင် ယခုအကြိမ်အထိ စုစုပေါင်း ပါဝါအိတ်ဇော ၉၄၉ ခု ဖျက်ဆီးခဲ့ပြီး တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ၁၉၄၈ ခု ဖျက်ဆီးခဲ့သဖြင့် စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၇၇၉၂၀၀၀၀ ခန့် ရှိ၍ ယခုကဲ့သို့ တန်ဖိုးမဲ့ဆုံးရှုံးသွားသည့် ငွေကြေးများသည် လူတစ်ဦးတစ်ယောက်မှ အများစုအထိ အသိတရားကင်းမဲ့ စွာပြုလုပ်ခဲ့မှုကြောင့် ဆုံးရှုံးနစ်နာမှု တစ်ရပ်အဖြစ် မှတ်ယူရမည်ဖြစ်ပါကြောင်း၊ ၎င်းငွေကြေးများကို တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူတို့အတွက် အကျိုးရှိသည့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍများတွင် အသုံးပြုပါက လွန်စွာတန်ဖိုးရှိသော ငွေကြေးများဖြစ်လာမှာ သေချာပါကြောင်း၊ ခရိုင်ရုံးစိုက်ရာမြို့များ တွင် ပါဝါအိတ်ဇောကြိတ်နင်း ဖျက်ဆီးခြင်းအခမ်းအနားကျင်းပသကဲ့သို့ ကျန်မြို့နယ်များတွင်လည်း အုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်းပြီး ဖျက်ဆီးပွဲအခမ်းအနားများပြုလုပ်ပါက ဒေသခံပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားမည်ဖြစ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးများ သဘောပေါက်နားလည် သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု မှာ ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအဆင့် ၉ တွင် တည်ရှိနေ၍ အဆင့်လျော့ကျသွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီများမှ နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊  အသံဆူညံပါဝါ အိတ်ဇောများကို ကြိတ်နင်းဖျက်ဆီးခြင်းအခမ်းအနားသည် ပြည်သူလူထုလက်ခံစေမည့် ပြယုဂ်တစ်ခု ဖြစ်စေသည့်အတွက် လုံးဝလျော့နည်းပပျောက်သွားသည်အထိ အရေးယူမှုများဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါက အကြံပေးစေလိုကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း မှာကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ဇေယျ က ပါဝါအိတ်ဇော ဖမ်းဆီးရမိမှုများကို ရှင်းလင်းပြောကြား၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး က ပါဝါအိတ်ဇော ဖျက်ဆီးဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပါဝါအိတ်ဇောများ လမ်းကြိတ်စက်ဖြင့် နင်းကြိတ်ဖျက်ဆီး ဆောင်ရွက်မှုအ‌ခြေအနေကို ကြည့်ရှုစစ်ဆေး၍ အခမ်းအနားကို နံနက် ၁၀ နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။