Follow Us

ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် Solar နည်းပညာနှင့် Biomass နည်းပညာတို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ရန် နားလည်မှုမှတ်တမ်းရေးထိုးသည့် အခမ်းအနားကျင်းပ

Fri, 09/20/2019 - 22:51

ထားဝယ်  စက်တင်ဘာ   ၂၀

          ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၂) ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Coastline Group Co.,Ltd တို့အကြား ရေးထိုးသော ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် Solar နည်းပညာဖြင့် ၁၀ မဂ္ဂါဝပ်နှင့် Biomass နည်းပညာဖြင့် ၁၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတို့အား ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရေးလုပ်ငန်းဆောင်ရွက်ရန် နားလည်မှု မှတ်တမ်းရေးထိုးသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးအောင်သူရ၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ Southern Coastline Group Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က အမှာစကားပြောကြားရာ၌ နားလည်မှုမှတ်တမ်းရေးထိုးရန် မူကြမ်း စိစစ်စဉ်က Solar စနစ်နှင့် Biomass စနစ်တို့ကို တပေါင်းတစည်းတည်းရော၍ စိစစ်ခဲ့သော်လည်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ရာ သီးခြားစီခွဲခြား၍ ဆောင်ရွက်သွားရန် အကြောင်းပြန်ခဲ့သဖြင့် ခွဲခြားပြီး ရေးထိုးရခြင်းဖြစ်ပါကြောင်း၊ နားလည်မှုမှတ်တမ်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေချုပ်ရုံး တို့မှ ကျန်ခဲ့သည့်စာပိုဒ်များကို ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သဖြင့် ကုမ္ပဏီအနေဖြင့် နားလည်မှု မှတ်တမ်းတွင် လက်မှတ်မရေးထိုးမီ ပြန်လည်စိစစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့် က နားလည်မှုမှတ်တမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Southern Coastline Group Co.,Ltd မှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကာ နားလည်မှုမှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ အခမ်းအနားကို နေ့လယ် ၂ နာရီ ၅၀ မိနစ် အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။