Follow Us

စာရင်းစစ်ချုပ်ရုံး

Thu, 10/06/2016 - 10:05

Vertical Tabs

About Topic

တနင်္သာရီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းတာဝန်များ
တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး၏ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍  ထူးခြားသောအခြေအနေကို အခါအားလျော်စွာတင်ပြခြင်း ။
(ခ) တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါပြဌာန်းချက်များအရ
(၁) တိုင်းဒေသကြီး၏အရအသုံးစာရင်းများစစ်ဆေးခြင်း ။
(၂) အရအသုံးခန့်မှန်းခြေငွေစာရင်းပါ ရငွေများပြည့်ဝစွာရရှိစေရန် ဆောင် ရွက်ထားခြင်းရှိမရှိ စစ်ဆေးခြင်း ။
(၃) အရအသုံးမှန်းခြေငွေစာရင်းပါ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြုမပြုစစ်ဆေးခြင်း ၊
(ဂ) တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်မှုကို စစ်ဆေးခြင်း ။
(ဃ) မိမိ၏ဆောင်ရွက်ချက်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှတစ်ဆင့် တိုင်းဒေသ ကြီးလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း ။
(င ) ပြည်ထောင်စုစာရင်းစစ်ချုပ်ကဖြစ်စေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ကဖြစ်စေ၊ ဥပဒေနှင့် အညီပေးအပ်သည့် အခြားတာဝန်များထမ်းဆောင်ခြင်း ။
(စ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ၊ သတ်မှတ်ထားသော အခြားတာဝန်များ ထမ်းဆောင်ခြင်း။
တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၏ ငွေစာရင်းနှင့် ပစ္စည်းစာရင်းများစစ်ဆေးခြင်း။
(ခ ) တိုင်းဒေသကြီးအတွင်းရှိ စာရင်းစစ်ရုံး အဆင့်ဆင့်၏ လုပ်ငန်းဆောင် ရွက်ချက်များကို လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ပုံမှန်စစ်ဆေးခြင်း ။

တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းအကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
    တိုင်းဒေသကြီးစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ -၂၅ နှင့် ၂၆ အရ အပ်နှင်းထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များကို မိမိတိုင်းဒေသကြီးအတွင်း ရှိ စာရင်းစစ်အရာရှိများအား လွှဲအပ်ဆောင်ရွက်စေနိုင်ပါသည်။ 
၁။ စာရင်းစစ်ဆေးခြင်း၏အဓိကရည်ရွယ်ချက်မှာ ရေးဆွဲပြုစုထားသော စာရင်းများ တွင် မသမာမှုနှင့် မှားယွင်းမှုများ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးရန်ဖြစ်ပြီး စာရင်းစစ်လုပ်ငန်း ထွန်းကားတိုးတက်လာသည်နှင့်အမျှ စာရင်းစစ်ဆေးခြင်း ရည်ရွယ်ချက်မှာလည်း မသမာမှုနှင့် မှားယွင်းမှုများကို ဖော်ထုတ်ခြင်းအပြင် စစ်ဆေးရမည့် အဖွဲ့အစည်းများက တင်ပြသည့် ငွေရေးကြေးရေး သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာစာရင်းများဖြစ်သော ထုတ်လုပ်မှု၊ အရောင်းအဝယ်အရှုံးအမြတ်စာရင်းနှင့် ဘဏ္ဍာရေးအခြေအနေပြ လက်ကျန်ရှင်းတမ်းများကို စစ်ဆေးပြီး ဘဏ္ဍာရေးစာရင်းများပါ ဖော်ပြချက်များသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လိုက်နာကျင့်သုံးရေးဆွဲထားသော စာရင်းများ ဖြစ်ပြီး အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာအခြေအနေနှင့် မတည်ငွေရင်း အခြေအနေများကို သင့်တင့်လျောက်ပတ်စွာဖော်ပြခြင်း ရှိ/မရှိ စာရင်းစစ်ထင်မြင် ယူဆချက်ပေးရန်သာမက အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုး သက်ရောက်မှုရှိသည်ကို စိစစ်သုံးသပ်နိုင်အောင် စစ်ဆေးခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍  စာရင်းစစ်ဆေးခြင်းသည် စာရင်းမှတ်တမ်း အထောက်အထားများကို စစ်ဆေးခြင်း သာမက လုပ်ငန်းဆောင်ရွက်ချက်များကို စစ်ဆေး ခြင်းပါ အကျုံးဝင်ပါသည်။
၂။ စာရင်းစစ်ချုပ်ရုံးက အောက်ဖော်ပြပါ စစ်ဆေးခြင်းအမျိုးအစား (၄)မျိုးဖြင့် စစ်ဆေးပါသည်-
(က) အဖွဲ့အစည်းများ၏ဘဏ္ဍာရေးရှင်တမ်းများသည် အများလက်ခံကျင့်သုံးနေ သည့် မူများနှင့်အညီ လိုက်နာပြီးအစဉ်တစိုက် ရေးဆွဲထားခြင်း ဟုတ်မဟုတ်နှင့် အဖွဲ့အစည်း၏လုပ်ငန်းဆောင်တာအခြေအနေနှင့် ဘဏ္ဍာရေး အခြေအနေတို့ကို သင့်တင့်လျောက်ပတ်စွာ ဖော်ပြခြင်း ရှိ/မရှိ စာရင်းစစ်ထင်မြင်ယူဆချက်ပေးရန် ရည်ရွယ်ချက်ဖြင့် ''ဘဏ္ဍာရေးစာရင်းများ စစ်ဆေးခြင်း" (Financial Audit)
(ခ) အဖွဲ့အစည်းများ၏လုပ်ငန်းနှင့် ငွေရေးကြေးရေးလုပ်ဆောင်ချက်များသည် သတ်မှတ်ပြဌာန်းထားသော ဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်း၊ ညွှန်ကြားချက်များ၊ အမိန့်များကို "လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်း"
(Compliance Audit) 
(ဂ) အဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့် လူ (ဝန်ထမ်း) ငွေကြေး(ဘဏ္ဍာရေး)နှင့်ပစ္စည်းစသော စွမ်းအားစုများကို ခြိုးခြံချွေတာပြီး စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ထိထိရောက်ရောက် အသုံးပြုခြင်း ရှိ/မရှိ ရည်ရွယ်ချက်ဖြင့် "လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း" (Performance and Operational Audit)
(ဃ) အထက်ဖော်ပြပါ စာရင်းစစ်ဆေးခြင်းအမျိုးအစားများဖြစ်သည့် ဘဏ္ဍာရေး စာရင်းများ စစ်ဆေးခြင်း၊ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ငန်း ဆောင်ရွက်မှု စစ်ဆေးခြင်း (ခြိုးခြံမှု စီးပွားရေးတွက်ခြေကိုက်မှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ ထိရောက်အောင်မြင်မှု စစ်ဆေးခြင်း) အမျိုးအစားအားလုံးကို ပေါင်းစည်းပြီး အဖွဲ့အစည်းတွင် ရှိပြီးဖြစ်သည့် လူ(ဝန်ထမ်း)၊ ငွေကြေးနှင့် ပစ္စည်းစသော စွမ်းအားစုများကို ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းဘောင် အတွင်း ခြိုးခြံချွေတာပြီး စွမ်းဆောင်ရည်ပြည့်ပြည့်ဝဝဖြင့် ထိထိရောက် ရောက် အသုံးပြုနိုင်အောင် စီမံခန့်ခွဲ ကြီးကြပ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့် အတိုင်းအတာ ပမာဏအထိ အကျိုးသက်ရောက်သည်ကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့်" ဘက်စုံစစ် ဆေးခြင်း" (Comprehensive Audit)
၃။ စာရင်းစစ်ချုပ်ရုံးကအသုံးပြုသည့် စစ်ဆေးသည့် စနစ်နှင့်လုပ်ငန်းဆောင်ရွက်ပုံ မှာ ပုံမှန် သို့မဟုတ် နှစ်စဉ်စစ်ဆေးခြင်း၊ လုပ်ငန်းကိစ္စရပ်အလိုက်စစ်ဆေးခြင်းနှင့် တာဝန်ပေးချက်အရ စစ်ဆေးခြင်းတို့ဖြစ်ပြီး အထက်ပါ စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးပါက စာရင်းစစ် အစီရင်ခံစာကို ရေးသား၍ သက်ဆိုင်ရာများသို့ ထုတ်ပြန် ပေးပို့ပါသည်။ 
၄။ စာရင်းစစ်ဆေးခြင်းလုပ်ငန်းတွင် လွတ်လပ်မှုသည် အလွန်အရေးကြီးပါသည်။ လွတ်လပ်မှုဆိုသည်မှာ စစ်ဆေး ရမည့်အဖွဲ့အစည်းများမှ သီးခြားလွတ်လပ်ခြင်း ဖြစ်ပါသည်။ သို့ပါ၍ စစ်ဆေးရေးလုပ်ငန်းတာဝန်များကို အုပ်ချုပ်ရေးလုပ်ငန်းတာဝန်မှ ခွဲခြားထားရပါသည်။ သို့မှသာ စစ်ဆေးမှုကို စစ်ဆေးရမည့်အဖွဲ့အစည်း၏ အုပ်ချုပ်မှုမှ သီးခြားလွတ်လပ်စွာ ဆောင်ရွက်၍ စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးကို ရှေ့ရှုလျက် သက်ဆိုင်ရာသို့ ဓမ္မဓိဌာန်ကျကျ တင်ပြအစီရင်ခံ နိုင်မည်ဖြစ်ပြီး စစ်ဆေးရေးရည်ရွယ်ချက်များလည်း ထိရောက်အောင်မြင်မည် ဖြစ်ပါသည်။ ထိုသို့ စစ်ဆေးရေးတာဝန်များနှင့် အုပ်ချုပ်ရေးတာဝန်များကို ခွဲခြားမထားဘဲ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်ကို စစ်ဆေးရေးပိုင်းတွင် တာဝန်ပေးမည်ဆိုပါက မိမိ၏လုပ်ဆောင်ချက်များကို မိမိအား ပြန်လည်စစ်ဆေးသည့် သဘောသက်ရောက်သွားနိုင်ပါသည်။ ထိုကြောင့် စာရင်းစစ်၏လွတ်လပ်မှုအရ စာရင်းစစ်ချုပ်ရုံးကို ဝန်ကြီးဌာနများမှခွဲ၍ သီးခြား ဖွဲ့စည်းထားရှိပါသည်။ ထိုသဘောတရား အရပင်လျှင် စာရင်းစစ်များအား ဝန်ကြီးဌာန များ၏ ငွေရေး၊ကြေးရေး၊ စာရင်းပြုစုရေး၊ စီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်းများ၌ ယာယီပင် ဖြစ်စေ တာဝန်ပေးအပ်ဆောင်ရွက်စေခြင်း မပြုရပါ။
    ထို့အပြင် စာရင်းစစ်ချုပ်ရုံး၏စစ်ဆေးခြင်းလုပ်ငန်းသည် စစ်ဆေးရမည့် အဖွဲ့အစည်းများတွင် ဖွဲ့စည်းထားရှိသည့် ဌာနတွင်း စာရင်းစစ်လုပ်ငန်းမှ သီးခြားဖြစ် ပါသည်။ ဌာနတွင်း စာရင်းစစ်မှာ အဖွဲ့အစည်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို စစ်ဆေးရန်အတွက် အဖွဲ့အစည်း၏ အုပ်ချုပ်ရေးပိုင်းက ဖွဲ့စည်းထားသည့်ဌာန ဖြစ်ပါသည်။ 
၅။ အဖွဲ့အစည်းများအား စစ်ဆေးစဉ်ကာလအတွင်းမှာပင် မေးမြန်းချက်များကို  ရှင်းလင်းဖြေကြားရန်နှင့် စစ်ဆေး တွေ့ရှိချက်များအပေါ် လိုအပ်သလို အရေးယူ ဆောင်ရွက်သွားရန် အစီရင်ခံစာ ထုတ်ပြန်ပေးပို့ပါသည်။ အစီရင်ခံစာ ထုတ်ပြန်ပြီးသည့် အခါတွင်လည်း အရေးယူဆောင်ရွက်မှုကို သင့်လျော်သည့် ကာလအတွင်း သက်ဆိုင် ရာ အဖွဲ့အစည်းက ဖြေကြားပေးရန်လိုအပ်ပါသည်။ 
၆။ စာရင်းစစ်ဆေးခြင်းကို အပြစ်ရှာသည့် သဘောလွဲမှားယူဆနိုင်ပါသည်။ စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အပြစ်ရှာရန်မဟုတ်ဘဲ အဖွဲ့အစည်းများ၏ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများကို တိုးမြှင့်ရှာဖွေရရှိစေရန်၊နိုင်ငံတော်မှ ခွဲဝေပေးသည့်ဘဏ္ဍာငွေများကို အလေအလွင့်မရှိ စနစ်တကျ ထိရောက်စွာ သုံးစွဲစေရန် တို့အတွက် ကူညီပံ့ပိုးပေးရန် ဖြစ်ပါသည်။ စစ်ဆေးတွေ့ရှိသည့် စည်းမျဉ်းမကျနမှုများနှင့် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များကို အချိန်မီပြုပြင် ပေးခြင်းဖြင့် အဖွဲ့အစည်းနှင့် နိုင်ငံ၏အကျိုးစီးပွားကို ကြိုတင် ကာကွယ်ပေးနိုင်ပါသည်။ 
၇။ လုပ်ငန်းအဖွဲ့အစည်းများသည် အဓိကအားဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး စာရင်းစစ်ချုပ်ရုံး၏ တာဝန်မှာ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချမှတ်ထားသော မူဝါဒလမ်းစဉ်နှင့် ရည်မှန်းချက်များမှ တိမ်းစောင်းမသွားစေရန် ကူညီထိန်းကျောင်းပေးခြင်းဖြစ်ပါသည်။ အထူးသဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို အကောင်အထည်ဖော်သည့် နေရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရပေါ်ပေါက်စေရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေအရ ပြည်သူလူထုဆန္ဒသဘောထားကို အလေးထား ပြီး စစ်ဆေးရေး လုပ်ငန်းစဉ်များကို သွက်သွက်လက်လက်နှင့် ထိထိရောက်ရောက် ဆောင်ရွက်ရန်ဖြစ် ပါသည်။ 

 

Office Address and Location Map
Location Map: