Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာ အုပ်စုသို့ သွားရောက်၍ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှု အခြေအနေများကြည့်ရှုခြင်းနှင့် ဒေသခံပြည်သူ များနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

Thu, 08/29/2019 - 23:52

ထားဝယ်    ဩဂုတ်  ၂၉

          ယနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း တို့သည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စု၊ ကရင်မကုန်းကျေးရွာသို့ ရောက်ရှိပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာအတွင်း ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှု အခြေ အနေနှင့် ကရင်မကုန်း အခြေခံပညာမူလတန်းကျောင်းဆောင်အတွင်း  ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ် ၂ နာရီ ၃၀ မိနစ် အချိန်တွင် ရှမ္မတွင်းကျေးရွာအုပ်စု၊ ရှမ္မတွင်းကျေးရွာ အခြေခံပညာလယ်တန်းကျောင်းသို့ ရောက်ရှိ ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကား   ပြောကြားရာ၌ ရေးကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် နေရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့အပြင် နိုင်ငံတော်နှင့် စေတနာရှင်ပြည်သူများက ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် သဘာဝဘေးအန္တရာယ် များဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်တွင် လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် လူအသေအပျောက်နည်းပြီး ပျက်စီးဆုံးရှုံးဆုံးမှုသာ ရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်  သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာများအား စားနပ်ရိက္ခာများနှင့် ငွေကြေးများ ထောက်ပံ့နိုင်ရေးတို့ကို ဆောင်ရွက်ထားရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် မလွှဲတောင် လမ်းပိုင်း၌ ပျက်စီးသွားသောနေရာများအား အဓိကထားဦးစားပေး ပြင်ဆင်ဆောင်ရွက် ပေးခဲ့သဖြင့် ခရီးသွားလာမှုများ အမြန်ဆုံးပြန်လည်သွားလာနိုင်ပြီး ကုန်ဈေးနှုန်းများလည်း အတိုင်း အတာ တစ်ခုအထိ ထိန်းထားနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းတွင် ပုံမှန်ဖြစ်နေကြ မြို့နယ်နှင့် ကျေးရွာများရှိသလို ပုံမှန်မဟုတ်ဘဲ ကျွန်းစုမြို့နယ်အတွင်းတွင် အိမ်ခြေ (၂၀)ခန့် ပြိုကျပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ တနင်္သာရီမြို့နယ်သည် ဖြစ်ရိုးဖြစ်စဉ် နှစ်စဉ်နှစ်တိုင်းရေကြီးရေလျှံ မှုများဖြစ်ပွား၍ ယခုနှစ်တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်သွားခဲ့ပြီး ရေကြီးကာလမှာလည်း ကြာမြင့်ခဲ့ပါကြောင်း၊ သဘာဝဘေးဖြစ်ပေါ်ခဲ့သည့် နေရာများအား ဦးစားပေးအလိုက် ဆောင်ရွက် ခဲ့ရသဖြင့် အချို့နေရာများတွင် လစ်ဟာမှုများရှိခဲ့ပါကြောင်း၊ အတတ်နိုင်ဆုံး ထောက်ပံ့ပစ္စည်းများ မကျန်ရအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဓိကထားဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ္မတွင်း ကျေးရွာသည် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်ကို သိရှိရပြီး လာမည့် နှစ်များတွင် ရေကြီးနစ်မြှုပ်မှုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ တွေ့ဆုံပွဲမှတစ်ဆင့် တင်ပြလိုသည်များကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင် ပါကြောင်း၊ နိုင်ငံတော်ရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေ၊ သဘာဝ ဘေးအတွက် စေတနာရှင် များက လာရောက်လှူဒါန်းထားသည့်ငွေကြေးများနှင့် တိုင်းဒေသကြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ရန်ပုံငွေများဖြင့် တိုင်းဒေသကြီးတစ်ခုလုံးကို ခြုံငုံပြီးဆောင်ရွက်သွားရမည်ဖြစ်၍ တင်ပြချက်များ အပေါ်မူတည်ပြီး အားလုံးကို ဆောင်ရွက်မပေးနိုင်သော်လည်း အတတ်နိုင်ဆုံးဆောင်ရွက်ပေး နိုင်မည့် လုပ်ငန်းများကို ဦးစားပေးအဖြစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ယင်းနောက် တက်ရောက်လာသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက  နှစ်စဉ်ရေကြီးရေလျှံမှုများကြောင့် တာဘောင်များပြုလုပ်ပေးရေး၊ ထရန်စဖော်မာ (၁)လုံး ချထား ပေးရေး၊ ဓာတ်ကြိုးများ ရေနှင့်ထိစပ်နေသဖြင့် ဓာတ်တိုင်များ စိုက်ထူပေးရေး၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲအား ရေလွတ်သည့်နေရာသို့ ပြောင်းရွှေ့ပေးရေး၊ ထားဝယ်-ရှမ္မတွင်းလမ်း သွားလာရေး လွယ်ကူအောင်ဆောင်ရွက်ပေးရေး၊ ကရင်မကုန်း(အမက)ကျောင်းအား ရေလွတ်အောင် ဆောင်ရွက် ပေးရေး၊ ရှမ္မတွင်း (အလက)ကျောင်းတွင် ခြံစည်းရိုး၊ ဝန်ထမ်းအိမ်ရာနှင့် အိမ်သာများ ဆောင်ရွက် ပေးရေး စသည့်ကိစ္စရပ်များကို တင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့က ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကို ညနေ ၃ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။