Follow Us

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်ဖောက်လုပ်မည့် နှစ်လမ်းသွားကားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

Thu, 08/29/2019 - 01:03

ထားဝယ်   ဩဂုတ် ၂၈

          ယနေ့ ညနေ ၃ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌  မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်ဖောက်လုပ် မည့် နှစ်လမ်းသွားကားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ရာအခမ်းအနားသို့  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန အကြီးအကဲများ၊ NEDA မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးက မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်ဖောက် လုပ်မည့် နှစ်လမ်းသွားကားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး Neighbouring Countries Economic Development Cooperation Agency (NEDA) မှ တာဝန်ရှိသူများက ကားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်မည့် အခြေအနေများကို  ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် က ပြောကြားရာတွင် ယခုလို လာရောက်ဆွေးနွေးပေးပါသော NEDA မှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် လမ်းနှင့် လျှပ်စစ်မီးများ ရရှိရေးဆောင်ရွက်လျက်ရှိသော်လည်း လောလော ဆယ်တွင် အဆင်ပြေမှုမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ လိုအပ်လျက်ရှိသည့် လျှပ်စစ်မီးကို မဟာဓာတ်အားလိုင်းမှ မကြာခင် ရရှိလိမ့်မည်ဟု မျှော်လင့်ထားသလို တစ်ဖက်ကလည်း ထီးခီးနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဆက်သွယ်ထားသည့်လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားနိုင်မည်ဟု မျှော်လင့်ထားပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထားဝယ်ဒေသနှင့် ထီးခီးဒေသ လမ်းပန်းဆက်သွယ်မှုများ ပြီးစီးသွားပါက အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ခရီးသွားလုပ်ငန်းများနှင့် အခြားဆက်စပ်သောလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံ၊ ကန်ချနာပူရီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ဆက်စပ် သွားလာနိုင်မည့်အပြင် မဟာဗျူဟာအရ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် တစ်ဆက်စပ်တည်း ပင်လယ်ထွက်ပေါက်ကိုလည်း သွားလာနိုင်မည်ဖြစ်၍ နိုင်ငံတော်၏ အကျိုး စီးပွားဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာ အခက်အခဲအနည်းငယ်ရှိနိုင်မည်ဖြစ်သော်လည်း ယခင် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ခဲ့စဉ်ကလည်း အခက်အခဲများရှိခဲ့ပါ ကြောင်း၊ လမ်းအဆင့်မြှင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးနှင့် အားသာချက်၊ အားနည်းချက်များကို သေသေချာချာ ချပြရှင်းလင်းဆောင်ရွက်သွား မည်ဆိုပါက အခက်အခဲများ နည်းပါးသွားမည်ဖြစ်ပါကြောင်း၊ ဒေသတစ်ခုတည်း၏ အကျိုးစီးပွားနှင့် ပတ်သက် သည့် ကိစ္စမဟုတ်ဘဲ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပတ်သက်သည့်ကိစ္စဖြစ်ပါကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်ဖောက်လုပ်သည့် လမ်းနှင့်ပတ်သက်၍ ရရှိမည့်အကျိုးကျေးဇူး များကို ပထမဆုံးခံစားရမည်မှာ ဒေသခံပြည်သူများဖြစ်ပါကြောင်း၊ ဒေသခံအများစုအနေဖြင့် မျှော်လင့်လျက်ရှိပါကြောင်း၊ မြန်မြန်ဆန်ဆန်နှင့် အောင်အောင်မြင်မြင် ပြီးစီးနိုင်ရေးအတွက် ပေါ်ပေါက်လာသည့် အခက်အခဲများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။