Follow Us

မြန်မာနိုင်ငံစီးပွားရေးဝန်းကျင်ညွှန်းကိန်းစစ်တမ်းကောက်ယူခဲ့ခြင်းနှင့် တွေ့ရှိချက်များအား ရှင်းလင်း တင်ပြခြင်း အခမ်းအနားကျင်းပ

Thu, 08/29/2019 - 00:49

ထားဝယ်     သြဂုတ် ၂၈

          ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဇေယျာထက်စံ ဟိုတယ်၌ အာရှဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံစီးပွားရေး ဝန်းကျင်ညွှန်းကိန်းစစ်တမ်းကောက်ယူခဲ့ခြင်းနှင့် တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်း အနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ အာရှဖောင်ဒေးရှင်းစီမံကိန်း မန်နေဂျာနှင့်အဖွဲ့၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း၏ ရည်ရွယ်ချက်မှာ အားလုံးပါဝင်အကျိုးခံစားခွင့်ရရှိပြီး ရေရှည် တည်တံ့သော စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်လာစေရန်နှင့် ဒေသန္တရစီးပွားရေးအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်လာစေရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစီးပွားရေးဝန်းကျင်ညွှန်းကိန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်တွင် ချမှတ်ထားသည့်စည်းမျဉ်းအတွင်း ကန့်သတ်ချက်များနှင့် အခွင့်အလမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအတွက် ရှာဖွေဖော်ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ပိုမိုကောင်းမွန်ပြီး ထိရောက်သောမူဝါဒများ ချမှတ်နိုင်ရန်အတွက် တက်တက်ကြွကြွပါဝင်ဆွေးနွေးပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အာရှဖောင်ဒေးရှင်း စီမံကိန်းမန်နေဂျာ Mr. Ville Peltovuori က မြန်မာ့စီးပွားရေး ဝန်းကျင်ညွှန်းကိန်းစီမံချက်၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စီးပွားရေးဖွံ့ဖြိုးမှုပညာရှင် ဦးကျော်သူ က မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်းသုတေသန တွေ့ရှိချက်များအား ရှင်းလင်း ပြောကြားကာ တက်ရောက်လာသူများနှင့် မေးခွန်းများ၊ အဖြေများ နှီးနှောဖလှယ်ဆွေးနွေးခဲ့ပါ သည်။

          ယင်းနောက် အစီအစဉ်ညွှန်ကြားရေးအရာရှိ က မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်းအတွက် အကြံပြုဆွေးနွေးပွဲဖြစ်စဉ်အား မိတ်ဆက်ပြောကြားပြီး တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးကာ စီးပွားရေးဖွံ့ဖြိုးမှု ပညာရှင်ဦးကျော်သူ က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။