Follow Us

ဟိန္ဒားသတ္တုတွင်း ပြန်လည်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

Wed, 10/05/2016 - 17:49

ထားဝယ် အောက်တိုဘာ ၅

ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာတွင် မြန်မာပွန်ပီပက်ကုမ္ပဏီလီမိတက်မှ သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော  ဟိန္ဒားသတ္တုတွင်း ပြန်လည်လုပ်ကိုင်ခွင့် နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
    တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ကာ ဝန်ကြီး(၂)ဦးနှင့် ထားဝယ်ခရိုင်သတ္တုလုပ်ကွက်စိစစ်ရေးကော်မတီဝင်များမှ (၄.၁၀.၂၀၁၆) ရက်နေ့တွင် ဟိန္ဒား သတ္တုတွင်းသို့ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအားဆွေးနွေးခဲ့ပြီး ကုမ္ပဏီမှပြုပြင် ဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
    ဆွေးနွေးပွဲတွင်    မြန်မာပွန်ပီပက်ကုမ္ပဏီလီမိတက်ကို နုန်းစစ်ကန် နံရံခိုင်မာအောင် ပြုလုပ်ရန်၊  ရေတွင်ပါဝင်သည့် သတ္တုဓါတ်ပမာဏကို ကျွမ်းကျင်သူများနှင့် စစ်ဆေးရန်၊ ရေစီးဆင်းရာရေလမ်းကြောင်းသည် မြောင်းပြိုကျေးရွာရှိ ဘုရားနှင့် နီးကပ်နေသဖြင့် နောင်တွင် မြေပြိုမှုများဖြစ်ပွားလာနိုင်၍ ကျောက်စီမြေထိန်းနံရံပြုလုပ်ပြီး ရေစီးဆင်းရာလမ်းကြောင်းကို ပြောင်းလဲတူးဖော်ရန်၊ ဟိန္ဒားဆေးရုံအား CSR လုပ်ငန်းအနေဖြင့် ပြုပြင်မွမ်းမံပေးရန်နှင့် သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအား (၁) လစမ်းသပ်လည်ပတ်ခွင့်ပြုပြီး နောက်ဆုံးအပတ်တွင် ဝန်ကြီးချုပ်မှ ကိုယ်တိုင်လာရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် စစ်ဆေးပြီး စိတ်ချရသော အခြေအနေရှိမှသာ လုပ်ငန်းများဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သတင်းရရှိပါသည်။