Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

Sun, 07/28/2019 - 23:44

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အဖွဲ့သည် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေမင်းဝံပုညကုသလ ကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကန်တော့၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ဆောက်လုပ်ပြီးစီးနေသည့် (၃)ထပ် ဝန်ထမ်းအိမ်ရာ၊ CT Scan ထားရှိမည့် အဆောက်အဦတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ကြီးမဏ္ဍိုင်မြို့သို့ ရောက်ရှိပြီး လမ်းအထူးအဖွဲ့(၂၄)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လေညာ-ရတနာပုံလမ်းပိုင်း မြေသားလမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ဘုတ်ပြင်းမြို့သို့ ရောက်ရှိပြီး ကျန်းမာရေးဦးစီးဌာန၊ ခွဲစိတ်ခန်း (၂)ခန်းပါ တိုးချဲ့(၂)ထပ် ဆေးရုံ အဆောက်အဦ၊ RC (၁)ထပ် ဆေးသိုလှောင်ရုံ အဆောက်အဦနှင့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဘုတ်ပြင်း-အုန်းတောကမ်းလမ်း တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းစတင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

          ယင်းနောက် တိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဘုတ်ပြင်း မြို့နယ်၊ ဟန်ကပြု-ရွာဟေ့လူလမ်းပေါ်ရှိ (၁၀၀×၁၄)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကော့သောင်းမြို့နယ်၊ (၅၂)မိုင်ချောင်းဖျားကြီးကျေးရွာသို့ ရောက်ရှိပြီး ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်သွားလာနိုင်မည့် ချောင်းဖျားကြီး-သဲတန်း-အောင်မြန်မာကျေးရွာချင်းဆက် မြေသား လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် က လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ခွင့်ပြုဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။