Follow Us

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုဖိုရမ် (Tanintharyi Region Investment Forum-2019) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Thu, 07/25/2019 - 01:34

ယနေ့ နေ့လယ်(၂) နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုဖိုရမ် (Tanintharyi Region Investment Forum-2019) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင် က အဖွင့် အမှာစကားပြောကြားရာ၌ တိုင်းဒေသကြီးအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေး နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ စက်မှု ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် (Tanintharyi Region Investment Forum-2019) ကျင်းပပြုလုပ်ရန်အတွက် ကျင်းပမည့်အချိန်နှင့် နေရာတို့ကို သတ်မှတ်ထားရှိရန် လိုအပ်ပါကြောင်း၊ ဖိုရမ်ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာဝန်ကြီးများ က ဥက္ကဋ္ဌ အဖြစ် တာဝန် ယူပြီး သက်ဆိုင်ရာ တိုင်းအဆင့်ဌာနအကြီးအကဲများ က အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက် သွားရန် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ ကဏ္ဍအလိုက် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ ကဏ္ဍအလိုက် ကြိုတင် ညှိနှိုင်းဆွေးနွေးချက်များကို နောက်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်မည် ဖြစ်ပါကြောင်း မှာကြားခဲ့ ပါသည်။

          ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက ရှင်းလင်း ဆွေးနွေးတင်ပြ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ်(၂)နာရီ(၅၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။