Follow Us

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

Wed, 07/24/2019 - 20:12

ယနေ့ နံနက်(၁၀)နာရီအချိန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင် က အဖွင့်  အမှာစကားပြောကြားရာ၌ မိုးတွင်းကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်အနေအထားအရ ချက်ချင်း Emergency Respond စနစ်တကျဆောင်ရွက်နိုင်ရန် အတွက် ယနေ့အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် မိုးများ ဒေသတွင် ပါဝင်ပါကြောင်း၊ ယခင်နှစ်က ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်အရေအတွက်မှာ ရေဘေး (၅၀)ကြိမ်၊ မီးဘေး(၆၃)ကြိမ်၊ လေဘေး(၁၇)ကြိမ်၊ မြေပြိုဘေး(၁၅)ကြိမ်၊ စက်လှေနစ်မြှုပ် (၁)ကြိမ်နှင့် မိုးကြိုးဘေး(၁၉)ကြိမ်အထိ ရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွား လာပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင်စီစဉ်ထားရှိမှုအခြေအနေ၊  ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဆွေးနွေးပေးရန်ဖြစ်ပါကြောင်း၊ ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှု အပိုင်း၊ ကြိုတင်ပြင်ဆင်မှုအပိုင်းနှင့် ထိခိုက်နစ်နာမှုနည်းပါးသည့်အပိုင်းတို့ကို ဆောင်ရွက်သွား ရ မည်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုအနေအထားနှင့် ဖောက်ပြန်မှုအနေအထားများ    ဆက်တိုက် ဆက်တိုက်ဖြစ်ပေါ်လာသည့်အတွက် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ဖြစ်ပွားမှုမှာ လျော့နည်း လာခြင်းမရှိဘဲ ပိုမိုဖြစ်ပွားလာသည်ကိုတွေ့ရှိရ၍  စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရန် စီမံချက်များ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း  မှာကြားခဲ့ပါသည်။

          ယင်းနောက် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင် က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ်(၁၂) နာရီအချိန် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။