Follow Us

၂၀၁၉ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် လက်ဝှေ့ပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေး

Fri, 06/28/2019 - 22:40

ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ် ပေါင်းစုံ အသက်(၂၅)နှစ်အောက် လက်ဝှေ့ပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင်  မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် လက်ဝှေ့ပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီ၏ ဥက္ကဋ္ဌ၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာစကား ပြောကြား ရာတွင် တနင်္သာရီတိုင်းဒေသကြီးသည် ၂၀၁၆ခုနှစ်တွင် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆု၊ ၂၀၁၇ခုနှစ်တွင် အမျိုးသမီးတံခွန်စိုက်တံဒိုင်းဆု၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆု၊  ၂၀၁၈ ခုနှစ်တွင်  အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုများအပြင်တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု(၂)ဆု ရရှိပြီးဖြစ်၍ လူရွေးချယ်ရာတွင် ချန်ပီယံအဆင့်နှင့် လျော်ညီအောင် ရွေးချယ်ပေးရန်လိုအပ်ပါသဖြင့် ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ပါကြောင်းနှင့် လိုအပ် ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးပါရန် ပြောကြားခဲ့ပါသည်။

          ထို့နောက်  တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် မှ ၂၀၁၉ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် လက်ဝှေ့ပြိုင်ပွဲကို ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ (၁၀.၇.၂၀၁၉) ရက်နေ့မှ (၁၃.၇.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ဆပ် ကော်မတီဝင်များမှ ကော်မတီအလိုက် ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ  လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို နေ့လယ် (၂) နာရီခွဲ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။