Follow Us

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းဆောင်ရွက်ချက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၉) ကျင်းပ

Thu, 06/27/2019 - 23:11

ယနေ့ နေ့လယ်(၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌  တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းဆောင်ရွက်ချက်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၉) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြ ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို မှ အမှာစကားပြောကြားရာ၌ လုပ်ငန်းရှင်များ ယှဉ်ပြိုင်ရာတွင် ပြည်သူများသိရှိအောင်နှင့် တိုင်းပြည်စီးပွားရေးနစ်နာမှုမရှိအောင် တရားမျှတသည့် လမ်းကြောင်းပေါ်တွင် လုပ်ငန်းရှင်များ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေဘောင် အတွင်းမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာ တိုင်းပြည်စီးပွားရေး မြင့်တက် လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်း မှ အစည်းအဝေးကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကုမ္ပဏီများမှ လုပ်ငန်းအလိုက် ဆောင်ရွက်မည့် အခြေအနေများအား တင်ပြခဲ့ရာ ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အစီအစဉ်များအား ဆွေးနွေးပြောကြားကာ အစည်းအဝေးကို ညနေ(၃:၅၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။