Follow Us

၂၀၁၉ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် (၃၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

Thu, 06/27/2019 - 00:40

ယနေ့ နံနက်(၉)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ (၃၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO၊ INGO အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနား၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်မှ အဖွင့် အမှာ စကားပြောကြားရာတွင် မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများသည် လူသားတို့အတွက် ကျန်းမာရေးနှင့် အေးချမ်းစွာနေထိုင်မှုကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပြီး လူ့အဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအခြေခံ အုတ်မြစ်များ လှိုက်စားလာသည်ကို တွေ့ရှိရပါကြောင်း၊ ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှု များမှ လူထုအကြားဖြစ်ပွားလေ့ရှိသည့် မှုခင်းငယ်များအထိ လုံခြုံရေးနှင့် မှုခင်းဆိုင်ရာ တရားစီရင်ရေး စနစ်များမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသလို ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံပြီး အေးချမ်းသာယာဝပြောသော လူမှုပတ်ဝန်းကျင်ကိုပါ ထိခိုက်လာပါကြောင်း၊ မူးယစ် ဆေးဝါးထုတ်လုပ်မှုအပိုင်းမှာလည်း သမားရိုးကျမူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးအသစ် ထုတ်လုပ် မှုများကိုပါ တွေ့ရှိလာခဲ့ရပါကြောင်း၊ နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်း များကို ထုတ်လုပ်မှုပ‌ပျောက်ရေးနှင့် သုံးစွဲမှု ပပျောက်ရေးလုပ်ငန်းစဉ် နှစ်ခုဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးမှုခင်းများသည် နယ်စပ်ဖြတ်ကျော်ဂိုဏ်းဖွဲ့ကျူးလွန်သည့် မှုခင်းများနှင့် ဆက်စပ်လျက်ရှိပြီး ကုန်သွယ်မှုလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဆန့်ကျင်ဘက် ရလဒ်အဖြစ် မူးယစ်ဆေးဝါး အပါအဝင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်း မှုခင်းများသည် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အမြတ်ထုတ်ဆောင်ရွက်လာကြသည့် အတွက် တရားမဝင်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အရှိန်အဟုန်မြှင့် တားဆီး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို လျှော့ချ နိုင်ရန် အစိုးရဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နည်းတူ ပြည်သူလူထုများမှလည်း ဘုံပြဿနာအဖြစ်ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦး တစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

          ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ထံမှ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က ဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီး အဆင့် ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် အလွတ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။