Follow Us

ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ထားဝယ်မြို့၌ ဆက်လက်ကျင်းပ

Wed, 06/26/2019 - 23:38

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် (၁၀:၀၀)နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ လေ့လာသူသတင်းမီဒီယာ (၂၇)ဦးတို့ တက်ရောက်ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်‌ေ၀ နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်း တို့က ဆောင်ရွက်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေး သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးရှိသည့်အနက် (၂၇)ဦး တက်ရောက်ခဲ့ သဖြင့် စုစုပေါင်း(၉၆.၄၂)ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေး အထမြောက်ရန်လိုအပ်သော ကိုယ်စားလှယ်ဦးရေ(၃)ပုံ (၁)ပုံထက် ကျော်လွန်သည့်အတွက် ဒုတိယ အကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အထမြောက်ကြောင်း စတင်ကြေညာသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက် မှုကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၇)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်းပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း၊ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

          ထိုနောက်  တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (အသုံးစရိတ်များ ပြောင်းလဲဆောင်ရွက်ခြင်း၊ ပြည်ထောင်စုမှ ထောက်ပံ့ငွေများ ထပ်မံခွင့်ပြုပေးခြင်း) အဆိုပြုတင်ပြချက်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီက အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

          ဆက်လက်၍တိုင်းဒေသကြီးလွှတ်တော်အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက် များ စိစစ်ရေးကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန် အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိကဝတ်သက်ရောက်သည့် အဆို/မေးခွန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းခြင်းနှင့် ကြားနားခြင်းဆိုင်ရာ အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၃)ခရိုင်သို့ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် (ဧပြီလမှစက်တင်ဘာလအထိ) ခွင့်ပြုဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း)နှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ် (အောက်တိုဘာလမှစက်တင်ဘာလအထိ) ခွင့်ပြုဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း)များဖြင့် အကောင်အထည်ဖော်ဆောင်နေသည့် ကဏ္ဍအလိုက် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးချက်အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

          ၎င်းနောက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(ဒုတိယနေ့)ကို (၁၃:၁၅)နာရီတွင်  ရပ်နားပြီး (တတိယနေ့)ကို ဇူလိုင် ၁ ရက် တနင်္လာနေ့ နံနက် (၁၀:၀၀) နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

( တိုင်းဒေသကြီးပြန်/ဆက်)