Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံအသက်(၁၇)နှစ်အောက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Wed, 06/26/2019 - 18:11

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို (၂၅.၆.၂၀၁၉)ရက်နေ့၊ မွန်းလွဲ (၃)နာရီ တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ပါသည်။

          ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသော ထားဝယ်အသင်းနှင့် လောင်းလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးရာ သာမန်ကစားချိန်တွင် (၁:၁) ဂိုး ဖြင့် သရေကျနေပြီး  ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ထားဝယ်အသင်းက အနိုင်ရရှိခဲ့ပါသည်။

          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင် က ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ  က ပွဲစဉ်တလျှောက် အကောင်းဆုံး (ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမား၊ အကောင်းဆုံး) အားကစားဆုများကို ဆုချီးမြှင့်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က ဒုတိယဆုရရှိသော လောင်းလုံးအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆု ချီးမြှင့်ခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပထမဆုရရှိသော ထားဝယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ပြီး တံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ပါသည်။

          တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံအသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၃)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဇွန်လ၊ (၁၁)ရက်နေ့မှ (၂၅) ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း  သတင်းရရှိခဲ့ပါသည်။

 

ပေးပို့သူ - ဦးကျော်ကျော်လတ်( IPRD) ( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန)