Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

Tue, 06/25/2019 - 23:00

ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ  တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကား  ပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ များဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေး နှစ်အတွင်း စံချိန်စံညွှန်းအရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားနိုင်စေ ရေးနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအခက်အခဲရှိပါက တင်ပြနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာများတွင် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများကို တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် (၁/၂၀၁၇)နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက် လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးများနှင့် ကိုက်ညီမှုရှိစေရန်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များပေးအပ်ကာ ကော်မတီ အဆင့်ဆင့် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေးနှင့် ဆောင်ရွက်ရမည့် ဘဏ္ဍာနှစ်ကာလအတွင်း အချိန်မီပြီးစီးရေး ကုမ္ပဏီများအနေဖြင့် အလေးထားဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီနှင့်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့မှလည်း စနစ်တကျတွန်းအားပေးကြပ်မတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          တနင်္သာရီတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ မှ တင်ဒါအောင်မြင်ပြီး ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း၊ တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းမှ ဆွေးနွေးပြောကြား၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တင်ပြဆွေးနွေး ကာ ဝန်ကြီးချုပ် ဦးမြင့်မောင်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို ညနေ (၄)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။