Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ထားဝယ်မြို့၌ကျင်းပ

Mon, 06/24/2019 - 22:46

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့နံနက် ၁၀:၀၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ လေ့လာသူ သတင်းမီဒီယာ (၂၇)ဦး တို့တက်ရောက်ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်းတို့က ဆောင်ရွက်သည်။

        ထိုနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦး ရှိသည့်အနက် (၂၇)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း(၉၆.၄၂)ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန်လိုအပ်သော ကိုယ်စားလှယ်ဦးရေ ထက်ဝက်ကျော်လွန်သည့်အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်း စတင်ကြေညာသည်။                    

          အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၆)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့်သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း၊ နိုင်ငံတော်သမ္မတရုံးကပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့်တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူခြင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေ စာရင်း၊ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေ(မူကြမ်း)အား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခြင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အား  ဖတ်ကြားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်သည်။            ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (အသုံးစရိတ်များပြောင်းလဲဆောင်ရွက်ခြင်း၊ ပြည်ထောင်စုမှ ထောက်ပံ့ငွေများထပ်မံခွင့်ပြုပေးခြင်း) အဆိုပြုတင်ပြ ချက်အားတိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့်စစ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအား တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၁၂:၂၀)နာရီတွင်  ရပ်နားကာ (ဒုတိယနေ့)ကို ဇွန် ၂၆ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပေးပို့သူ-ဦးကျော်ကျော်လတ်(IPRD) ( တိုင်းဒေသကြီးပြန်/ဆက်)