Follow Us

လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန

Wed, 10/05/2016 - 15:55

Vertical Tabs

About Topic

လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုညှိနှိုင်းမှုဌာန၏ လုပ်ငန်းတာဝန်များ

(က) စီးပွားရေးအရ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေသောယာဉ်များအား ဥပဒေများနှင့် အညီ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ဆိုင်ရာအခွန်အခများ ကောက်ခံခြင်း၊ လိုင်စင်စည်းကမ်း များ လိုက်နာစေရန် ကြီးကြပ်ခြင်း။
(ခ) လိုင်စင်ရယူထားသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းယာဉ်များ ဥပဒေအရ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြည့်ကြပ်မတ်ခြင်း၊ လုပ်ငန်းဆောင်ရွက်သူများနှင့် ပို့ဆောင်သူများကို မမှန်မကန် လုပ်ဆောင်မှုများမရှိစေရေး ကြပ်မတ်ထိန်းသိမ်းခြင်းဖြင့် စစ်ဆေးရမှုများ လျော့ပါးလာစေပြီး ကုန်စည်နှင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သူများနှင့် ပြည်သူအကြား လုပ်ငန်းချောမွေ့၊ စိတ် ကျေနပ်မှုရရှိစေရေး စီမံကြပ်မတ်ပေးခြင်း။
(ဂ) နိုင်ငံပိုင်ကုန်ပစ္စည်းများ၊ ပုဂ္ဂလိကကုန်ပစ္စည်းများနှင့် ပြည်တွင်းပြည်ပခရီးသည်များကို သယ်ယူပို့ဆောင် ရာတွင်  ပြည်တွင်းရှိ သယ်ယူပို့ဆောင်ရေးစွမ်းအားစုများနှင့် ပေါင်းစပ်၍ လိုအပ်သော အချိန် တွင် လိုအပ်သောကုန်ပစ္စည်းအရေအတွက်နှင့် ခရီးသည်များ ပို့ဆောင်ပေးနိုင်ရန် စီမံပေးခြင်း။
(ဃ) အရေးပေါ်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ချိန်တွင် ဖြစ်ပေါ်လာသော သယ်ယူပို့ဆောင်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုတင်စီမံပြင်ဆင်ထားခြင်း။
(င) မိမိဌာနကကောက်ခံရန် ဥပဒေနှင့်အညီ သတ်မှတ်ထားသော အခွန်အခများအား ပြည့်ဝစွာရရှိရေးအတွက် စီမံကောက်ခံခြင်း။
(စ) တိုင်းဒေသကြီး/ပြည်နယ်များတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကဏ္ဍ တန်းတူဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သည့်နေရာဒေသများတွင် ရုံးများဖွင့်လှစ်၍ ပုဂ္ဂလိကကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါသည်။

ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့၏ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် လျှောက်ထားလာသော ယာဉ်အသင်း/အဖွဲ့များကို စိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်း

(က)    ၁၉၆၃ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဥပဒေ အပိုင်း ၃၊ ပုဒ်မ ၆ အရလည်းကောင်း၊ အပိုင်း ၄၊ ပုဒ်မ ၉ အရ လည်းကောင်း၊ ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (ဗဟို)နှင့် ပြည်နယ်/တိုင်းကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့များကို ဖွဲ့စည်းပြီး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ၁၉၆၃ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဥပဒေ အပိုင်း ၅၊ ပုဒ်မ ၁၂(၁)၊ ၁၉၆၄ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း နည်းဥပဒေ အပိုင်း ၃၊ ပုဒ်မ ၇ နှင့် ၁၉၆၅ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ စည်းကမ်းဥပဒေ ပုဒ်မ ၃၂ (၁) (၂)တို့အရ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် လျှောက်ထားလာသည့် ယာဉ်အသင်း/အဖွဲ့များကို ဥပဒေစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုရာတွင် တပြေးညီဖြစ်စေရေးအတွက် အောက်ပါအချက်များကို ဦးတည်ဆောင်ရွက်ပါသည် -
  (၁) ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်စေရေးနှင့် ပြေးဆွဲမည့်ယာဉ်များ ဥပဒေ စည်းကမ်းများနှင့်အညီ ပြေးဆွဲဆောင်ရွက်စေရန်။
  (၂) ခရီးသွားပြည်သူများသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး သက်သာချောင်ချိစွာဖြင့် သွားလာနိုင်စေရန်။
  (၃) ခရီးသည်ပို့ဆောင်ခနှင့် ကုန်စည်တန်ဆာခများကို ဒေသအခြေအနေအရ မျှတစွာ သတ်မှတ်ပေးခြင်းဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုသွက်လက် အဆင်ပြေချောမွေ့စေရန်။
  (၄) လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကို အထောက်အကူဖြစ်စေရန်။
(ခ) ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအ‌နေဖြင့် အောက်ပါခရီးစဉ် ဒေသများသို့ လျှောက်ထားနိုင်ပါသည် -
  (၁) မြို့တွင်း ခရီးစဉ်ဒေသ
  (၂) ခရိုင်အတွင်း ခရီးစဉ်ဒေသ
  (၃) ပြည်နယ်/တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသ
  (၄) ပြည်နယ်/တိုင်းဒေသကြီးကျော် ခရီးစဉ်ဒေသ
(ဂ) ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားလာခြင်းအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ အောက်ပါအတိုင်း စိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိပါသည် -
  (၁) ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းအသစ်ပြေးဆွဲခွင့် လျှောက်ထားခြင်း။
  (၂) ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း ခရီးစဉ်တိုးချဲ့လျှောက်ထားခြင်း။
  (၃) ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းယာဉ်အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်း။
(ဃ) ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားလာသည့် ယာဉ်အသင်းအဖွဲ့များသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ တင်ပြလျှောက်ထားရပါမည် -
  (၁) ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားချက်။
  (၂) ယာဉ်အသင်း/အဖွဲ့၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်။
      (ကက) ယာဉ်အသင်း/အဖွဲ့အမည်။
      ( ခခ ) အသင်းအုပ်ချုပ်မှုအဖွဲ့/ဖွဲ့စည်းပုံ။
      ( ဂဂ ) ပြေးဆွဲမည့် ခရီးစဉ်ဒေသ။
      (ဃဃ) ပြေးဆွဲမည့်ယာဉ်အမျိုးအစားနှင့် အရေအတွက်။
      ( ငင ) နေ့စဉ်ပြေးဆွဲမည့်ယာဉ်စီးရေ (ယာဉ်ထွက်ခွာချိန် အချိန်ဇယား ဖော်ပြရန်)။
      ( စစ ) ပြေးဆွဲမည့်ယာဉ်များ၏ ယာဉ်အမှတ်/ယာဉ်အမျိုးအမည်/ယာဉ်အမျိုးအစား။
      (ဆဆ) မော်တော်ယာဉ်များအတွက် သက်ဆိုင်ရာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဂိတ်ခန်းဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ။
      ( ဇဇ ) တောင်းခံမည့်ယာဉ်စီးခ နှုန်းထားများ၊ အခမဲ့ ခွင့်ပြုမည့်ပစ္စည်းတင်ဆောင်မှု တန်ဆာခများ။
      ( ဈဈ) စက်သုံးဆီအစီအစဉ်။
  (၃) လျှောက်ထားသူ၏ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း(မူရင်း/မိတ္တူ)။
(င) ယာဉ်လိုင်းလုပ်ငန်းစီမံချက်နှင့်အတူ သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ သဘောထားထောက်ခံချက်များ ရယူ၍ (၃၀.၄.၂၀၁၀)ရက် နေ့စွဲပါ စာအမှတ်၊ ၇၄/ ကရဖ(ဗဟို)(၂၂)/ ၂၀၁ဝ ပါ ညွှန်ကြားချက်နှင့်အညီ စိစစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ ယာဉ်အသင်းအဖွဲ့များအား ခွင့်ပြုပေးလျက်ရှိပါသည်။

 

 

Office Address and Location Map
Location Map: