Follow Us

တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၄/၂၀၁၉) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

Fri, 05/31/2019 - 20:03

(၃၀.၅.၂၀၁၉) ရက်နေ့ ညနေ (၃)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၄/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလုကာ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများအား တင်ပြနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းကျော်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်သည့် အမှုတွဲများအား အမှုတွဲတစ်ခုချင်းအလိုက် ကော်မတီ၏အဆုံးအဖြတ် ရယူရန် တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်အဖွဲ့ဝင်များမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။