Follow Us

အမျိုးသားအဆင့်မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးရှင်းလင်းတင်ပြခြင်း အခမ်းအနားထားဝယ်မြို့၌ ကျင်းပ

Fri, 05/31/2019 - 19:57

အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ နေ့လယ် (၂)နာရီအချိန်က ထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်က အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ဒီမိုကရေစီလမ်းစဉ်သို့ ကူးပြောင်းခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နေသောကာလအတွင်း ဒေသ အတွင်းနှင့် အမျိုးသားအဆင့်အဖွဲ့အစည်းများအနေဖြင့် တရားမျှတမှု ပြည်သူ့ဘဝလုံခြုံရေး အပါအဝင် အဓိကကျသော ဖွံ့ဖြိုးတိုးတက်မှုရလဒ်များဖြစ်ပေါ်စေရန် ယင်းတို့၏စွမ်းရည်များကို တိုးမြှင့် ဖော်ဆောင်ရေးသည် အရေးကြီးဆုံးအချက်ဖြစ်ပါကြောင်း၊ နိုင်ငံသားများ၏လုံခြုံစိတ်ချရမှုနှင့် ဘဝ  အရည်အသွေးမြှင့်တင်ပေးနိုင်ရေးအတွက် တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် ဥပဒေအရ အာမခံချက် ပေးထားသည့် အခွင့်အရေးများကို တည်ငြိမ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မှုခင်းကြိုတင်ကာကွယ်ရေးမဟာဗျူဟာရေးဆွဲ ဆောင်ရွက် ခြင်းသည် အသွင်ကူးပြောင်းကာလ၌မရှိမဖြစ်လိုအပ်သော ကိစ္စရပ်တစ်ခုဖြစ်သကဲ့သို့ ရာဇဝတ်မှု များနှင့် အကြမ်းဖက်မှုများအန္တရာယ်မှကင်းဝေးသည့် ငြိမ်းချမ်းမျှတသော လူမှုအသိုက်အဝန်းတစ်ခုအား ထူထောင်နိုင်မည်လည်းဖြစ်ပါကြောင်း၊ ဗဟိုအဆင့်မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက် တွင်ပါဝင်သင့်သည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း(၁၈)ဖွဲ့မှ ဟန်ချက်ညီပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားမှ ရေရှည်အောင်မြင်နိုင်မည်လည်းဖြစ်ပါကြောင်းနှင့် မဟာဗျူဟာအား အမြန်ဆုံး အကောင်  အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၈ခုနှစ် မှ ၂၀၂၀အထိ (၃)နှစ်တာကာလကို အချက်အလက်များ ကောက်ယူခြင်း၊ လိုအပ်သောမဟာမိတ် အဖွဲ့အစည်းများထူထောင်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ရှေ့ပြေးစီမံချက် (၁)နှစ်စမ်းသပ်ပြုလုပ်ခြင်းနှင့် အသေးစိတ်မဟာဗျူဟာများဖော်ဆောင်ခြင်းတို့ကို ပြုလုပ်သွားမည့်အခြေအနေများ ဆွေးနွေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေးတို့က အမျိုးသားအဆင့် မှုခင်း ကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေ များအား ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တက်ရောက်လာသူများက ဆွေးနွေး တင်ပြချက် များအပေါ်တွင် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းဒေသကြီး( ပြန်/ ဆက်)

ပေးပို့သူ- ဦးဝင်းထွေး(ဓါတ်ပုံကျွမ်းကျင်-၂၊ပြန်/ဆက်)