Follow Us

ကမ္ဘာဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

Wed, 10/05/2016 - 13:36

                                                     ထားဝယ် အောက်တိုဘာလ ၅

          မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ အနန္တော၊ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုးထားလာစေရန်၊ အာစရိယဆရာများနှင့် ဉပဇ္စျယ်ဆရာ အရည်အသွေးများပြည့်ဝသော မြတ်ဆရာများ ပိုမိုပေါ်ထွန်းလာစေရန်၊ ဆရာများနေ့အခမ်းအနားကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာကျင်းပပြီး ဆရာများရဲ့ဂုဏ်ကျေးဇူးကို ဖော်ထုတ်ဂုဏ်ပြုရန် ဆိုသောရည်ရွယ်ချက်များဖြင့် ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၀၉၀၀)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ဆရာမများက ‘ဆရာဟူသည်’ သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က ဂုဏ်ပြုအမှာစကားမှာကြားရာ၌ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့သည် (၁၅)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ဖြစ်ကြောင်း၊ ကမ္ဘာ့ဆရာများနေ့သည် ပညာရေးနေ့ထူး၊ နေ့မြတ်တစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့ဆရာများနေ့မှ အနှစ်သာရကို ရှာသည့်အခါ ဆရာများသည် ပညာရေးမှာ ဗဟိုချက်မဖြစ်ပါကြောင်း၊ မင်္ဂလာရှိသော ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှ ယနေ့တာဝန်ယူဆောင်ရွက်နေကြသော ဆရာ/ဆရာမများက မိမိနိုင်ငံအပေါ် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် တာဝန်ထမ်းရွက်ရင်း ဆရာ့ဘဝ၊ ဆရာ့သိက္ခာကို ထိန်းသိမ်းကာ ကျောင်းသားလူငယ်အပေါင်းကို နိုင်ငံ့သားကောင်း အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များပေါ်ထွက်လာအောင် စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံပြီး ကြိုးပမ်းအားထုတ်သင်ကြားပို့ချပေးကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ UNESCO, UNICEF, UNDP, ILO တို့မှ ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဖတ်ကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တာဝန်ရှိသူများက ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲမှ ဆုရကျောင်းသား/​ကျောင်းသူ(၁၂) ဦးအား ဆုများချီးမြှင့်၍ ဆရာမများက ‘ဆရာ’ သီချင်းဖြင့်သီဆိုဂုဏ်ပြုသည်။

          ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်တင်ပြပြီး တက်ရောက်လာသော ဆရာ/ဆရာမများက အငြိမ်းစားဆရာကြီး/ဆရာမကြီး (၆၅)ဦးအား ကန်တော့၍ ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ ဆရာကြီးတစ်ဦးက ဆုံးမသြဝါဒစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

                                                                                                                                      (ထားဝယ်ခရိုင်ပြန်/ဆက်)