Follow Us

၂၀၁၉ခုနှစ်၊ နွေရာသီအပန်းဖြေလေ့လာရေးစခန်းများသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ် များက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုခံယူပွဲပြုလုပ်မှု

Sat, 04/27/2019 - 20:21

ယနေ့၊ နံနက်(၀၉:၀၀)ချိန်မှ  (၁၀:၀၀)ချိန်ထိ ထားဝယ်မြို့ မြောက်ရွာရပ် အာဇာနည်လမ်းရှိ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ၂၀၁၉ခုနှစ်၊ နွေရာသီအပန်းဖြေ လေ့လာရေးစခန်းများသို့ သွားရောက်မည့်လူရည်ချွန်မောင်မယ်များမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုခံယူပွဲပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဉီးခင်မောင်အေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဉီးကြည်စိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ၊ လူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီး ဉီးဟိုပင်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဉီးဝင်းနောင်နှင့် တာဝန်ရှိသူများ၊ ထားဝယ်ခရိုင်/ မြို့နယ်များမှ ပညာရေးမှူးများ၊ ဆရာ/မများ၊ လူရည်ချွန်မောင်မယ်များ စုစုပေါင်း (၅၀) ဉီးခန့် တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် လူရည်ချွန်မောင်မယ်များက တစ်ဉီးချင်းမိတ်ဆက်စကားပြောကြားခြင်း၊ ဝန်ကြီးချုပ် ဉီးမြင့်မောင်က “နိုင်ငံတော်အတွက် နောင်တစ်ချိန်ချိန်မှာ ပခုံးပြောင်း တာဝန်ယူထမ်းဆောင်မည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွွံ့ဖြိုးဖြစ်ထွန်းလာစေရေးအတွက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေးဟာ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းအစီအစဉ် တစ်ရပ်ဖြစ် ကြောင်း၊ ၂၀၁၉ခုနှစ်လူရည်ချွန်အဖြစ် ရွေးချယ်ခံရသည့် မောင်တို့မယ်တို့ဟာ တနင်္သာရီတိုင်း ဒေသကြီး၏ ဂုဏ်ဆောင်၊ မိမိတို့မြို့နယ် ဂုဏ်ဆောင်၊ မိမိတို့ ကျောင်းဂုဏ်ဆောင်၊ မိမိတို့မိဘများ အတွက်ဂုဏ်ဆောင် သားသမီးများအဖြစ် ခံယူစိတ်နှင့်ကြိုးစားကြဖို့ စည်းကမ်းကနားလေးထား လိုက်နာနေထိုင်သွားကြဖို့ မှာကြားလိုကြောင်း၊ ၂၀၁၉ခုနှစ်၊ နွေရာသီအပန်းဖြေလေ့လာရေး စခန်းများကိုသွားရောက်မည့် လူရည်ချွန် မောင်မယ်များနှင့် ကြီးကြပ်သူ ဆရာ/ မများအတွက် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနှင့် ခရီးတစ်လျှောက်လုံး အဆင်ပြေချော့မွေ့ပြီး ပျော်ရွှင်ဖွယ်ကောင်း သည့်ခရီးတစ်ခုဖြစ်ပါစေကြောင်း” တို့ကို ပြောကြားခဲ့ကြောင်း ၊ ၎င်းနောက် ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဉီးဝင်နောင်က “လူရည်ချွန်များအား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၌ စာပေဘာသာရပ်နှင့် ကြံ့ခိုင်စွမ်းရည်ဖွံ့ဖြိုးမှုတို့ကို ယှဉ်ပြိုင်မှုများဖြင့် စိစစ်ရွေးချယ်ခဲ့ရာ မြိတ်ခရိုင်မှ အဌမတန်း၊ နဝမတန်း၊ ဒသမတန်းတို့တွင် တစ်တန်းလျှင် (၄)ဉီးစီ ကိုလည်းကောင်း၊ ထားဝယ်ခရိုင်မှ တစ်တန်းလျှင် (၂)ဉီးစီကိုလည်းကောင်း၊ စုစုပေါင်း(၁၈)ဉီး ရွေးချယ်ခဲ့ကြောင်း၊ အဆိုပါလူရည်ချွန် မောင်မယ်များသည် ဧပြီလ ၂၇ရက်မှ မေလ ၅ရက်ထိ ရန်ကုန်တိုင်းဒေသကြီးတွင် စုရပ်လုပ်ပြီး ပုဂံ၊ အင်းလေး၊   ငွေဆောင်အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း”  တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ထို့နောက် လူရည်ချွန်မောင်မယ် (၁၈)ဉီးတို့အား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂။       အဆိုပါ လူရည်ချွန်မောင်မယ်(၁၈)ဉီးတို့သည် ၁၃:၀၀ချိန် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။