Follow Us

အပတ်စဉ် -၂၇ ( ၂၀၁၈-၂၀၂၁ ) ပညာသင်နှစ် သူနာပြုသင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားထားဝယ်မြို့၌ကျင်းပ

Fri, 04/26/2019 - 21:14

အပတ်စဉ် -၂၇ ( ၂၀၁၈ - ၂၀၂၁ ) ပညာသင်နှစ် သူနာပြုသင်တန်းသား/ သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၀၉း၀၀ နာရီ တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အချိန်အခါသည် နိုင်ငံတော်အစိုးရမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားရေးဦးတည်ချက်တစ်ရပ်ချမှတ်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်နေသည့် အချိန်အခါဖြစ်ကြောင်း၊ ပြည်သူကျန်းမာရေးမြှင့်တင်မှုအတွက် စီမံခန့်ခွဲရေး လုပ်ငန်းများတွင်လည်း တစ်ခန်းတစ်ကဏ္ဍပါဝင် ဆောင်ရွက်နေရသူများဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်မှ သူနာပြုတက္ကသိုလ်(၂)ခုကို ထူထောင်ခဲ့ပြီးသူနာပြု သိပ္ပံဘွဲ့(B.N.Sc) အပြင်သူနာပြုမဟာသိပ္ပံဘွဲ့ (M.N.Sc)၊ သူနာပြုပါရဂူဘွဲ့ (Ph.d) ကိုပါ အပ်နှင်းနိုင်နေပြီဖြစ်ကြောင်း၊ သူနာပြုနှင့်သားဖွား ဒီပလိုမာသင်တန်းကျောင်းကိုလည်း (၅၀)ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သူနာပြုဆရာ/ ဆရာမတွေအနေနှင့် ပြည်သူများအပေါ် ကျန်းမာရေးအသိပညာပေး ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက် ဆောင်ရွက်ပေးကြပါ၊ အတွေးအခေါ်မှန်ကန်ညီမျှ အောင် စိတ်ဓာတ်စွမ်းရည်မြှင့်တင်ပြီး မိမိကိုယ်မိမိ နိုင်ငံတော်၏ပြည်သူ့သားကောင်း၊ သမီးကောင်း ဖြစ်အောင် ကြိုးပမ်းကြရန်လိုကြောင်း ပြောကြားသည်။  
ထိုနောက် ထားဝယ်သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင် က (Coating & Capping) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အပတ်စဉ်(၂၇)သင်တန်းသား (၆)ဦးနှင့် သင်တန်းသူ(၉၁)ဦး တို့အား သူနာပြုဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးသည်။
ဆက်လက်၍ ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင် ထံမှ သင်တန်းသား/သူများ လက်ဆင့်ကမ်း ဆီးမီးတိုင်များကိုထွန်းညှိ၍ သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး တို့က ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
       
ပေးပို့သူ - ဦးကျော်ကျော်လတ်( IPRD) ( ထားဝယ်ခရိုင်ပြန်/ဆက်)