Follow Us

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် ပတ်သက်သည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 04/24/2019 - 00:42

ယနေ့ ၊ နံနက် (၁၀:၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစည်းအဝေးခန်းမ(၂) ၌ ကျင်းပ ပြုလုပ်သည့် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်မှ အမှာစကားပြောကြား ရာတွင် စာချုပ်နှင့်ပတ်သက်၍ သေသေချာချာစိစစ်ပြီးဆောင်ရွက်ဖို့လိုကြောင်းနှင့် ဒေသခံပြည်သူများ အတွက် ထည့်စဉ်းစားရမည်ဖြစ်ကြောင်း၊ ယခင်အမှားများကို သင်ခန်းစာယူပြီး စာချုပ်နှင့် နည်းပညာ ရပ်များအား အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီတာခဈေးနှုန်းသတ်မှတ်ရာတွင် ပြည်သူက သင့်တင့်မျှတအောင် ပေးနိုင်သည့် ဈေးနှုန်းဖြစ်သင့်ကြောင်း၊ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခြင်းကို အစိုးရ မှ အစိုးရပုံစံဖြင့် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ၎င်းပုံစံဖြင့် ဆောင်ရွက်ရာတွင် မိမိတို့အစိုးရအနေဖြင့် အပြည့်အဝတာဝန်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မှ ပြောကြားရာ တွင် GGS က Aggreko ကုမ္ပဏီထံမှ ငှားရမ်းသည့် စက်ငှားခများ ဈေးမြင့်မားနေခြင်း၊ Aggreko ကုမ္ပဏီထံမှ စက်ငှားခကို ပြန်လည်သုံးသပ်ကာ ဈေးပြန်စစ်သင့်ကြောင်း၊ ဖြန့်ဖြူးရေးစနစ်အတွင်း Losses များနေပါက ဝင်ငွေကျခြင်းဖြစ်ကာ အရှုံးဖြစ်နိုင်၍ လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်းကိုပါ ထပ်မံ လုပ်ကိုင်ခွင့်ရထားသည့် GGS က Losses ကျရေးအတွက် ဆောင်ရွက်သင့်ကြောင်း နည်းလမ်းများကို အကူအညီတောင်းပါက ဌာနက နည်းပညာပိုင်း အကြံပြုချက်များ ပံ့ပိုးကူညီမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးမှ ဓာတ်ငွေ့ကို အစိုးရဈေးနှုန်း ဖြင့်ဝယ်ယူခွင့်ရရန် အစိုးရမှ အစိုးရစနစ်ဖြင့်  ဆောင်ရွက်နိုင်ကြောင်းသိရှိရသဖြင့် တိုင်းဒေသကြီးအစိုးရ အနေဖြင့် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆောင်ရွက်ပေးသင့် ကြောင်း၊ ထုတ်လုပ်မှုအပိုင်းကိုလည်း ကိုယ်ပိုင်စက်များဖြင့် ထုတ်လုပ်နိုင်သည့် စွမ်းဆောင်ရည် ပြည့်ဝသည့် ကုမ္ပဏီများကို ရွေးချယ်လုပ်ကိုင်ခွင့် ချပေးနိုင်ရေးအတွက် တင်ဒါခေါ်ယူသင့်ပါကြောင်း၊ လက်ရှိကုမ္ပဏီအား စာချုပ်ပါစည်းကမ်းချက်များ ဖောက်ဖျက်ခဲ့ကြောင်း သိရှိရသည့်အတွက် ဥပဒေ အတိုင်းသာဆောင်ရွက်သင့်ကြောင်း၊ လက်ရှိကုမ္ပဏီမှ ထပ်မံတင်ပြချက်များအား တိုင်းအစိုးရအနေဖြင့် လိုက်လျော၍ ခွင့်မပြုသင့်ပါကြောင်း၊ လုပ်ဆောင်နိုင်စွမ်း ရှိ/မရှိကို ချင့်ချိန်၍ ပြတ်သားစွာ ဆုံးဖြတ် စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။        

          အစိုးရအဖွဲ့အနေဖြင့် (၁၈.၃.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး အပါအဝင် အဖွဲ့ဝင်(၃၄)ဖြင့် ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြုဗဟိုကြီးကြပ်မှုကော်မတီဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီအနေဖြင့် GGS Co.Ltd ကို ခေါ်ယူပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုများနှင့်ပတ်သက်ပြီး ကြားနာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ အစိုးရမှ အစိုးရပုံစံဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ထောင်စုသို့  ညှိနှိုင်းတောင်းဆိုထားပြီးဖြစ်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ကြိုးစားဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့ပါ သည်။

          တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့် မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့် အစိုးရအဖွဲ့ (သို့မဟုတ်) ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ချုပ်ဆိုမည့် စာချုပ်ပါအချက်အလက်များ အား ပြင်ဆင်ဖြည့်စွက်မည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများအား ဆွေးနွေးတင်ပြ ခဲ့ကြောင်း သတင်းရရှိပါသည်။