Follow Us

လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကျင်းပ

Wed, 10/05/2016 - 13:03


                                                           ထားဝယ်   အောက်တိုဘာ  ၄
    တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းဖွင့်လှစ်သော ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက် ၀၉ဝ၀ နာရီ ထားဝယ်မြို့၊ ရဲဇာနည်ခန်းမ၌ ကျင်းပသည်။
    ဖွင့်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အဖွင့်အမှာစကားပြောကြားရာ၌ ဒီမိုကရေစီစနစ်သည် 
လူ့အခွင့်အရေး နှင့်ဆက်စပ်လျှက်ရှိသောကြောင့် ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ လူ့အခွင့်အရေးသည် မပါမဖြစ်သောအကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း ၊ ကမ္ဘာ့နိုင်ငံများတွင် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးအတွက် လူ့အခွင့်အရေးကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ကြရကြောင်း ၊ မြန်မာနိုင်ငံမှာလည်းလူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အရာရှိများအနေနှင့် ယခုအလုပ်ရုံဆွေးနွေးပွဲမှာ စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွပါဝင်ဆွေးနွေးကြပြီး လူ့အခွင့်အရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ၊ သဘောတရားများကို မိမိတို့ရဲတပ်ဖွဲ့လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာမှာ နိုင်ငံတကာအမြင်ရှိရှိနှင့် ပြည်သူကိုလက်တွေ့ဝန်ဆောင်မှုပေးနိုင်သော ပြည်သူတစ်ရပ်လုံးက အမြဲချစ်ခင်လေးစားအားကိုးရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ပြန်လည်အသုံးချနိုင်ကြစေလိုကြောင်း ပြောကြားသည်။
    ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက လမ်းညွှန်အမှာစကား ပြောကြားသည်။
    ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့များမှ ရဲအရာရှိ (၅၀)ဦးအား လူ့အခွင့်အရေးသဘောတရားများ ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂလူ့ အခွင့်အရေးစာချုပ်များ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပြဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ၊ ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရား ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အကြောင်းများကို အောက်တိုဘာ ၄ ရက် နှင့်  ၅ ရက် (၂)ရက်ဆွေးနွေးပို့ချပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲသည် သတ္တမမြောက်ဖြစ်ကြောင်း သတင်းရရှိသည်။
                                                                                                                             ( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန )