Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

Tue, 10/04/2016 - 13:44

ထားဝယ် အောက်တိုဘာ  ၃
    မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း မြင့်မားလာရေးအတွက် အထောက်အကူပြုနိုင်ရန် မြို့နယ်အသီးသီးမှ ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်  ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားလွတ်တန်းဘောလုံး  ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃း၃၀)နာရီအချိန် ထားဝယ်မြို့၊တိုင်းဒေသကြီး အားကစားကွင်း တွင် ကျင်းပပြုလုပ်သည်။
    ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က တိုင်းဒေသကြီး  မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကို ၂၀၁၇-ခုနှစ် တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး နှင့် ပြည်နယ်  အလွတ်တန်း ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု အားကစား  သမားများ ရွေးထုတ်နိုင်ရေး အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘောလုံး  အသင်း အောင်မြင်မှု ထပ်မံရရှိရေးအတွက် တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် အားကစားသမားများပါ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားကြပါရန် နှင့် ဘောလုံးအားကစးသမားများ အနေဖြင့် အရည်အချင်းပြည့်ဝသည့်   တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်    ကစားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
    ထို့နောက် စစ်ကြောင်းမှူးက ဦးဆောင်၍  အားကစားသမားများက အားကစားသစ္စာဌာန်(၄)ချက်ကို  ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။
    ဆက်လက်၍  မြို့နယ်ပေါင်းစုံအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ရေဖြူမြို့နယ် အသင်းနှင့် သရက်ချောင်းမြို့နယ် ဘောလုံးအသင်းတို့ အကျိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ (၄)ဂိုး၊ (၂)ဂိုး  ဖြင့် ရေဖြူမြို့နယ်အသင်းက အနိုင်ရရှိပါသည်။
    အဆိုပါ မြို့နယ်ပေါင်းစုံအလွတ်တန်း ဘောလုံးပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊(၁၀)မြို့နယ် ပြိုင်ပွဲဝင်အားကစားသမား  များနှင့် အားကစားဝါသနာရှင်များတက်ရောက်ကြပြီး (၃-၁၀-၂၀၁၆)ရက်နေ့မှ(၁၄-၁၀-၂၀၁၆)ရက်နေ့အထိ   ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပါကြောင်း သိရှိရသည်။        
                                                                                      (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)