Follow Us

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနား ထားဝယ်မြို့၌ကျင်းပ

Mon, 04/08/2019 - 17:31
(၇.၄.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ “ အရည်အသွေးပြည့်ကျန်းမာရေး လူတိုင်းရအောင်ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့် အညီ ၂၀၁၉ ခုနှစ် ၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင် က အဖွင့်အမှာစကားပြောကြားရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အမျိုးသား ကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)တွင်   လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိဆောင်ရွက်နိုင်ရန်၊ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးဆိုင်ရာဘဏ္ဍာရေး စီမံခန့်ခွဲထောက်ပံ့မှုတို့ကို အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများလုံလောက်မှု၊အခြေခံအဆောက်အဦများပြည်စုံမှုနှင့်ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် အရည်အသွေးများကောင်းမွန်မှုတို့ရှိရန်လိုအပ်ကြောင်း ၊ အရည်အသွေးပြည့်ကျန်းမာရေး လူတိုင်းရအောင်ဆောင်ရွက်ပေးနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူးဒေါက်တာထွန်းမင်း က WHO(South East Asia) Regional Director Dr.Poonam Khetrapal Singh ၏ ၂၀၁၉ ခုနှစ် ၊ ကမ္ဘာ့ကျန်းမာရေးနေ့ သဝဏ်လွှာအား ဖတ်ကြားပြီး တာဝန်ရှိသူများ က ၂၀၁၈ ခုနှစ် စံပြမြို့နယ်ဆုရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးများအား ဆုချီးမြှင့်ကာ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်ပြခန်းငယ်အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပေးပို့သူ - ဦးကျော်ကျော်လတ်(IPRD) ( ထားဝယ်ခရိုင်ပြန်/ဆက်)