Follow Us

ဇမ္ဗူသီရိ(အခမဲ့)ဆေးခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Sat, 04/06/2019 - 21:55

ယနေ့ နံနက်(၀၇၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ဇမ္ဗူသီရိအရေးပေါ်လူနာ(အခမဲ့)ကူညီသယ်ဆောင်ရေးအဖွဲ့ရုံး၌ ဇမ္ဗူသီရိ(အခမဲ့) ဆေးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာ(အခမဲ့)ကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖအလှူရှင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြသည်။

          ရှေးဦးစွာ ဇမ္ဗူသီရိ(အခမဲ့)ဆေးခန်းအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး (အခမဲ့)ဆေးခန်းအတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာ စကားပြောကြားရာတွင် ပရဟိတလုပ်ငန်းလုပ်ဆောင်ရာ၌ ဘဏ္ဍာငွေရှိရုံမျှသာမက အများအကျိုးကို ဆောင်ရွက်ပေးလိုသော စိတ်ဓာတ်၊ ရိုးသားဖြောင့်မတ်၍ ကြံ့ခိုင်သော စိတ်ဓာတ်၊ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်တတ်သော စိတ်ဓာတ်များဖြင့် ဆောင်ရွက်မှသာ ရေရှည်တည်တံ့စွာ လုပ်ငန်း ဆောင်ရွက်နိုင်မည်ဟု နားလည်သုံးသပ်မိပါကြောင်း၊ ဘာသာခွဲခြားမှုမရှိ၊ အရောင်အသွေးခွဲခြားမှုမရှိဘဲ လူသားအချင်းချင်းကူညီဆောင်ရွက်ပေးလိုသည့် မွန်မြတ်သော စိတ်စေတနာများဖြင့် လုပ်ဆောင်သည့် ပရဟိတလုပ်ငန်းသည် လေးစားဂုဏ်ပြုထိုက်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဇမ္ဗူသီရိအဖွဲ့ အနေနှင့်လည်း ယာဉ်တိုက်မှု တစ်ခုတည်းသာမက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ အခြားသော ပရဟိတလူမှုရေးကိစ္စ များဖြစ်သည့် ဘာသာရေး၊ သာရေး/နာရေး ကိစ္စရပ်များတွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးမှုများကို တွေ့မြင့်ခဲ့ရပြီး အသိအမှတ်ပြုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအောင်မြင်လာပြီး အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဇမ္ဗူသီရိအရေးပေါ်လူနာ(အခမဲ့)ကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်မျိုးသွင် က အခမဲ့ဆေးခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် က အခမဲ့ဆေးခန်း ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသည့် အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။