Follow Us

တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကျင်းပ

Sat, 03/30/2019 - 23:13

ယနေ့ နေ့လယ်(၁၃၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ  ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ  ဥက္ကဋ္ဌ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး မြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီအစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် မိမိမဲဆန္ဒနယ်မြေအတွင်းရှိ မြေယာပြဿနာများကို အသိဆုံးဖြစ်၍ ထဲထဲဝင်ဝင် ဆွေးနွေးပေးရန်နှင့် ကွင်းဆင်းသင့်သည့်ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်ရေး ဝိုင်းဝန်း ဆွေးနွေး ပေးစေလိုကြောင်း ဆွေးနွေးပြောကြားပါသည်။

          ထို့နောက် တိုင်းဒေသကြီးမြေယာကိစ္စများအထူးစိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး က အစည်းအဝေးတွင် ဆွေးနွေးသော အမှုတွဲများသည် အထူးကိစ္စရပ်များဖြစ်သဖြင့် အဆိုပါကိစ္စများအား လုပ်သင့်လုပ်ထိုက်သည်များ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရေးအတွက် အချိန်ယူ၍ စေ့စပ်သေချာစွာ အမှားအယွင်း မရှိရအောင် ဝိုင်းဝန်းဆွေးနွေးကာ ထိရောက်သောအကြံပြုချက်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ အကြံပြု တင်ပြနိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပါ သည်။

         ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးမှ ဆွေးနွေးဆုံးဖြတ်မှတ်တမ်းတင်ရမည့် အမှုတွဲများနှင့်ပတ်သက်၍ စိစစ် တွေ့ရှိချက်များအပေါ် ဆွေးနွေးတင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး မြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီဝင်များမှ အသီးသီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။