Follow Us

မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေးကုန်စည်ပြပွဲကို ထားဝယ်မြို့၌ကျင်းပ

Sat, 03/30/2019 - 19:37

(၂၉.၃.၂၀၁၉)ရက်နေ့ ည(၁၈၃၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဆိပ်ကမ်းသာပန်းခြံ တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေးဆက်ဆံမှုတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး ကုန်စည်ပြပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာ-ထိုင်း ကုန်စည်ပြပွဲမှတဆင့် ထိုင်းနိုင်ငံအတွင်းရှိ ဒေသခံပြည်သူများနှင့် ရင်းနှီးမှုပိုရစေကြောင်း၊ ထိုင်းနိုင်ငံမှ လာရောင်းသည့် ကုန်စည်များနှင့် ရိုးရာယဉ်ကျေးမှုများမှာ မိမိတို့အတွက် အတုယူစရာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံမှလည်း ထိုင်းနိုင်ငံသို့ သွားရောက်၍ ကုန်စည်ပြပွဲနှင့် ရိုးရာယဉ်ကျေးမှုများ ပြသနိုင်ရန် ကြိုးစားလျှက်ရှိကြောင်း ၊ ထိုင်း နှင့် မြန်မာ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး က ကုန်စည်ပြပွဲကျင်းပရခြင်း ဖြင့် ချစ်ကြည်ရင်းနှီးမှုကို အကောင်အထည်ဖော်ကြောင်း၊ ထိုင်းနိုင်ငံမှလာရောင်းသော ကုန်ပစ္စည်း များနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် ရင်းနှီးမှုရှိသောကြောင့် ဝယ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားပြီး ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ ခရိုင်ဝန် Mr.Jirakati Phoomsawat က မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးကုန်စည်ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တာဝန်ရှိသူများ က အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး ကုန်စည်ပြပွဲအား ဖွင့်လှစ်ပေးကာ ဒေသခံပြည်သူများက ကုန်စည်ပြပွဲအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပေးပို့သူ-ဦးကျော်ကျော်လတ်(IPRD)  (တိုင်းဒေသကြီးပြန်/ဆက်)