Follow Us

ျမြန်မာ-ထိုင်းချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲ တိုင်းဒေသကြီးအားကစားကွင်း၌ကျင်းပ

Fri, 03/29/2019 - 23:33

ယနေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ မြန်မာ-ထိုင်းချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊  တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာမှ  တာဝန်ရှိသူ များနှင့်အားကစားသမားများ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင် က အမှာစကား ပြောကြားရာတွင် ဒီကနေ့ကျင်းပပြုလုပ်သည့် ဘောလုံးပြိုင်ပွဲသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စေဖို့၊ အားကစားလှုပ်ရှားမှုများဖြင့် နှစ်နိုင်ငံကူးလူးဆက်ဆံမှုပိုမိုများပြားလာပြီး ချစ်ကြည်ရေးပိုမိုခိုင်မြဲလာစေရန်နှင့် ဒေသဆိုင်ရာများ၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်ဆိုသည့်  ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသအတွင်းတွင် ဘောလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြေခံကျသည့် ရပ်ကွက်/ကျေးရွာ ဘောလုံးပြိုင်ပွဲများ၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲများ၊ အသက်အရွယ်အလိုက် ဘောလုံးပြိုင်ပွဲများ၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲများမှ ထူးချွန်သည့် ဘောလုံးသမားများကို ရွေးချယ်လေ့ကျင့်ကာ ဗဟိုအဆင့်တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင် စေလျက်ရှိပါကြောင်း၊ ဒီလိုအဆက်မပြတ်ဆောင်ရွက်ခဲ့သည့် အကျိုးကျေးဇူးကြောင့်လည်း တနင်္သာရီတိုင်းဒေသကြီးအနေနှင့် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉) နှစ်အောက် ဘောလုံးပြိုင်ပွဲမှာ တတိယဆုနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက် ဒိုင်းဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ကြောင်း၊ အားကစား ပြိုင်ပွဲများကျင်းပခြင်းဖြင့် အားကစားသမားကောင်းတွေ ပေါ်ထွက်လာရေးအတွက် တစ်ခုတည်း ရည်ရွယ်ပြီး ကျင်းပနေခြင်းမဟုတ်ဘဲ နိုင်ငံတော်ရဲ့ဂုဏ်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့အဆင့်အတန်း၊ အာကစားသမားတွေရဲ့ ကာယ၊ ဉာဏ စသည့်တို့ကို ဖော်ဆောင်ပေးနေခြင်းဖြစ်သလို မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရေးနှင့် ဇာတိသွေး၊ ဇာတိမာန် တက်ကြွလာစေရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ မြန်မာ-ထိုင်းချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြသည့် အားကစားသမားများအနေနှင့် သန့်သန့်ရှင်းရှင်းယဉ်ယဉ်ကျေးကျေး ယှဉ်ပြိုင် ကစားကြပြီး အားကစားသမားကောင်းတစ်ဉီးရဲ့ဂုဏ်သိက္ခာနှင့် လျော်ညီအောင်ပြုမူနေထိုင် ကျင့်ကြံ ကြရန်နှင့် အားကစားလောက တိုးတက်ဖွံ့ဖြိုးလာအောင် အားကစားသမားကောင်းတစ်ဦးမှာ မရှိမဖြစ်လိုအပ်သည့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်း ဆောင်ရွက်တတ်မှုဆိုသည့် အချက်(၅)ချက်နှင့်ပြည့်စုံအောင် မိမိကိုယ်မိမိ လေ့ကျင့်ပျိုးထောင်ကြရန် တိုက်တွန်းမှာကြား ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ကချာနာပူရီခရိုင်ဝန် MR.JIRAKATI PHOOMSAWAT တို့က အမှတ်တရလက်ဆောင် ပစ္စည်းများလဲလှယ်ပေးအပ်ခဲ့ကြ သည်။ယင်းနောက် ကချာနာပူရီ ခရိုင်ဝန် MR.JIRAKATI PHOOMSAWATမှ ထားဝယ်ဘောလုံး အသင်းအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ စတင်ကျင်းပခဲ့ရာ ထားဝယ်ဘောလုံးအသင်းမှ ကချာနာပူရီဘောလုံးအသင်းအား (၂-၁)ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။