Follow Us

နွေရာသီကြက်ခြေနီလူငယ်လေ့ကျင့်ရေးစခန်းသွင်းသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

Fri, 03/29/2019 - 23:02

(၂၈.၃.၂၀၁၉)ရက်နေ့ ည(၁၉၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ နွေရာသီကြက်ခြေနီလူငယ်လေ့ကျင့်ရေးစခန်းသွင်းသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။ 
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုနွေရာသီကြက်ခြေနီ လူငယ်လေ့ကျင့်ရေး စခန်းသွင်းသင်တန်းကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဖွင့်လှစ်လာခဲ့သည်မှာ ယခုဆိုလျှင် ဆဌမအကြိမ်မြောက်ထိကို အောင်မြင်စွာဖွင့်လှစ် နိုင်ခဲ့ပြီးဖြစ်ပါကြောင်း ထိုသင်တန်းတွင် လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေပြီး နိုင်ငံအတွက် သားကောင်းရတနာများဖြစ်ထွန်းလာစေဖို့အတွက် နှစ်စဉ်မွေးထုတ်ပေးနေတာကိုလည်း မိဘပြည်သူ /လူထုများက လက်ခံရရှိထားပြီးဖြစ်ပါကြောင်း ၊နောင်နှစ်အချိန်အခါများမှာလည်း အစဉ်အလာမပျက် ဖွင့်လှစ်နိုင်ဖို့  ကြိုးစားပေးစေလိုပါကြောင်း၊ သင်တန်းတက်ရောက်ပြီးသော ကြက်ခြေနီလူငယ် မောင်မယ်များအနေနှင့်လည်း မိမိတို့၏ရပ်ကွက်/ကျေးရွာ၊ကျောင်းများသို့ရောက်ရှိအချိန်တွင် ကြက်ခြေနီအသင်းခွဲများ ဖွဲ့စည်းပြီး လူမှုဂရုဏာလုပ်ငန်းကို တစ်တပ်တစ်အား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကြက်ခြေနီကပေးအပ်တဲ့ ပညာတွေအနက် အထူးခြားဆုံးနှင့် မွန်မြတ်ဆုံး ဆိုတဲ့အရာဟာ ကြက်ခြေနီ နှင့်လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမှု(၇)ချက်များအနက် ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်စွာဆောင်ရွက်ခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများ၏ ယုံကြည်ကိုးစားမှုကို လက်ခံရရှိထားပြီး ယခုအချိန်ထိ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေခဲ့ရတာကိုလည်း ကမ္ဘာ့တစ်ဝှမ်းလုံးက လူသူအများအပြားမှ လက်ခံယုံကြည်ထားပြီးဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်ပြီး မိမိတို့ရပ်/ရွာ/ကျောင်းသို့ရောက်ရှိအချိန်မှာ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်းဆိုတဲ့မူများကို လက်ကိုင်ထားပြီး မိမိရဲ့အပေါင်းအသင်းမိတ်ဆွေများအပါအဝင်၊ အခြားသူများကိုလည်း ညီရင်းမောင်နှမအသွင် အတူတကွ တစ်မိုးအောက်မှာ နေထိုင်တတ်သွားကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။ 
ဆက်လက်၍ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဒေါ်မမလေးနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သူများ ကိုယ်စားသင်တန်းသူတစ်ဦး မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ 
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်ဉက္ကဋ္ဌတို့က သင်တန်းအတွက် အလှူငွေ ထည့်ဝင်ကူညီပေးသည့် အလှူရှင်များ၊ ထူးချွန်ဆုရရှိသည့် သင်တန်းသား/သူများအား ဂုဏ်ပြုလက်မှတ်၊ ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသား/သူများမှ သီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းကို အားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။