Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားကျင်းပ

Fri, 03/29/2019 - 19:38

(၂၈.၃.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅၃၀)နာရီအချိန်တွင် ထားဝယ်မြို့ တိုင်းဒေသကြီးအားကစား ကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊  ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများနေရာယူပြီးနောက် အမျိုးသားလှံတံပစ်ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး လက်ဆင့်ကမ်း မီတာ(၄၀၀) (၄)ဦးပြိုင်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ကစား ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင် က အမျိုးသားလှံတံပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မြိတ်မြို့နယ်မှ မောင်မင်းခန့်စိုး၊ ဒုတိယဆုရရှိသော ထားဝယ်မြို့မှ မောင်နေမိုးအောင်၊ တတိယဆုရရှိသော ဘုတ်ပြင်းမြို့မှ မောင်ပိုင်ချစ် တို့အား ဆုများချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က အမျိုးသမီး မီတာ(၄၀၀) (၄)ဦး လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော လောင်းလုံးမြို့နယ်အသင်း၊ တတိယဆုရရှိသော ပုလောမြို့နယ်အသင်း၊ အမျိုးသား လက်ဆင့်ကမ်း မီတာ(၄၀၀) (၄)ဦးပြိုင်ပွဲတွင် ပထမဆုရရှိသော လောင်းလုံးမြို့နယ် အသင်း၊ ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ တတိယဆုရရှိသော မြိတ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်ဇေယျက မြို့နယ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသည့် ထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 
ပေးပို့သူ - ဦးကျော်ကျော်လတ် (IPRD)(ထားဝယ် ခရိုင်ပြန်/ဆက်ဦးစီးဌာန)