Follow Us

တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ *

Fri, 03/29/2019 - 00:17
ယနေ့ နေ့လယ်(၁၃၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏(၃/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာတွင်  လယ်ယာမြေအခြားနည်းအသုံးပြုခွင့်နှင့် ပတ်သက်၍ အချိန်ကြာမြင့်မှုမရှိစေရန် ဆောင်ရွက်စေလိုကြောင်း၊ ခွင့်ပြုချက်ရရှိပါကလည်း ဆိုင်းဘုတ်စိုက်ထူပြီး ဆောင်ရွက်စေလိုကြောင်း၊ သိမ်းဆည်းမြေများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်မြေများကို သိမ်းဆည်းဧက၊ ပြန်လည်စွန့်လွှတ်သည့်ဧက၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက် ရန် ကျန်အခြေအနေများအား ပြုစုပြီး ပြည်သူများကို ချပြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က လယ်ယာမြေအငြင်းပွားမှု များနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် အချိန်ကာလထက် ကျော်လွန်နေသော အမှုများအား အပြီးအပြတ်ဆောင်ရွက်နိုင်ရေးနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများအား တင်ပြနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းကျော်က လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ မြေယာအယူခံ အမှုတွဲများအား လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏အဆုံးအဖြတ် ရယူရန်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အမှုတွဲများအား အမှုတွဲတစ်ခုချင်းအလိုက် ကော်မတီ၏အဆုံးအဖြတ် ရယူရန် တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်အဖွဲ့ဝင်များမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။