Follow Us

ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ထားဝယ်ဘဏ်ခွဲ ဖွင့်လှစ်

Thu, 02/28/2019 - 20:22

ယနေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ ကွက်သစ်တိုးချဲ့ မြို့သစ်ရပ်၊ ကမြောကင်းလမ်းရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ထားဝယ်ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးမင်းထိန်နှင့် ဘဏ်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထားဝယ်ဘဏ်ခွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘဏ်ခွဲဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးမင်းထိန် က  နိုင်ငံတော်သမ္မတ၏ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ဘဏ္ဍာငွေကြေး စဉ်ဆက်မပြတ်ရရှိရန်နှင့် လိုအပ်မည့် ငွေကြေးအရင်းအနှီးများ ပံ့ပိုးကူညီနိုင်ရန်အတွက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ကို  Semi-Government Bank အဖြစ် (၁၁-၁-၂၀၁၄) ရက်နေ့မှစတင်၍ တည်ထောင်ခဲ့ရာ ယနေ့ဆိုရင် သက်တမ်း(၅)နှစ်ကျော်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ထားဝယ်ဘဏ်ခွဲ က (၁၂)ခုမြောက်ဘဏ်ခွဲဖြစ်ကြောင်း၊ ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးအတွက်   အိမ်ရာ များကို ဂျပန်နိုင်ငံ ODA Loan အစီအစဉ်အရ အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာချေးငွေဖြင့် ရောင်းချ ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက်  ပြည်သူလူထုအတွက် အားကိုးယုံကြည်ရသော ဘဏ္ဍာငွေကြေး အရင်းအမြစ်ထောက်ပံ့ပေးနိုင်သောဘဏ်အဖြစ် များမကြာသောကာလမှာ ရောက်ရှိလာမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက  ကမ္ပည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး ဘဏ်အတွင်း လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။    
ရေးသားပေးပို့သူ-ဦးကျော်ကျော်လတ်(IPRD)  ( တိုင်းဒေသကြီးပြန်/ဆက်)