Follow Us

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုလဲကျွန်းနှင့် လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်တို့အား ကြည့်ရှုပြီး ကော့သောင်းမြို့နယ် မကြုံဂလက် (မော်ကင်း)ကျေးရွာမှ ဆလုံတိုင်းရ

Fri, 02/15/2019 - 23:07

တနင်္သာတိုင်းဒေသကြီး မြိတ်မြို့တွင် ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး  ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းသို့ ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပုလဲကျွန်း၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ မုတ်ကောင်များသား ဖောက်မွေးမြူထားရှိမှု၊ မုတ်ကောင် အတွင်းသို့ ဝတ်ဆံများ ထည့်သွင်းနေမှုနှင့် ပုလဲထုတ်လုပ်မှု အဆင့်ဆင့်ကို လိုက်လံကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပုလဲကျွန်း၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လိုအပ်ချက်များရှိပါက တင်ပြကြရန်နှင့် တာဝန်ရှိသူများအား ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ရန်အတွက် ရန်ပုံငွေ တောင်းခံသွားရန် ပြောကြား သည်။
အဆိုပါ ပုလဲကျွန်းတွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ပုလဲ ထုတ်လုပ်မှုကို ၁၉၆၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံပိုင် ပုလဲထုတ်လုပ်မှုအနေဖြင့် ပုလဲကျွန်းအပြင် ဘုတ်ပြင်းမြို့နယ် မန်ကျည်းပင် ဆောင်ကျွန်းနှင့် ဇင်ယော်ကျွန်း၊ ကော့သောင်းမြို့နယ်တွင် ဂျလန်ကျွန်း၊ ငလုံးလဖယ်ကျွန်းနှင့် စိန့်လုခ်ကျွန်း၊ မျောက်နီကျွန်းနှင့် မျောက်ဖြူကျွန်း၊ ကျွန်းစုမြို့နယ်တွင် နတ်သမီးရေတွင်းကျွန်း၊ ပြင်စဘုကျွန်း၊ ဒိုမယ်ကျွန်းနှင့် ဒုံးပုလဲကျွန်း၊ ပုေလောမြို့နယ်တွင် မလိကျွန်းတို့တွင် ၂၀၀၀ ခုနှစ်မှစတင်ကာ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများဖြင့် ပုလဲထုတ်လုပ်မှုကို ဖက်စပ်လုပ်ကိုင် လျက်ရှိ ကြောင်းသိရသည်။ နိုင်ငံတော်အနေဖြင့် ပုလဲမွေးမြူရေးစခန်းများသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်လေ့လာနိုင်ရန် စီစဉ်ထားရှိရာ ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ အထိ ခရီးသွားလုပ်ငန်းမှ ငွေကျပ်သိန်း ၃၂၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဘုတ်ပြင်း၊ ကော့သောင်း မြို့နယ်အတွင်းရှိ ပင်လယ်ပြင်ကျွန်းများအား ကြည့်ရှုထွက်ခွာခဲ့ရာ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ် ဝလယ် ကျွန်းသို့ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ဆိုင်ရာ အချက်အလက်များနှင့် လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်အား သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ ကို ရှင်းလင်းတင်ပြသည်။
လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်သည် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ နှင့် ကော့သောင်းမြို့ အတွင်း တည်ရှိပြီး ဥယျာဉ်အကျယ်အဝန်းမှာ ၅၀၅၂၈ ဒသမ ၇၃ ဧက ကျယ်ဝန်းကြောင်း သိရသည်။ အဆိုပါဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင် အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါဥယျာဉ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ အမြဲစိမ်းတောများ၊ ဒီရေတောများ၊ သဲသောင်ခုံများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်ရေအောက် မြက်ခင်းများ တည်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ကော့သောင်းမြို့နယ် မကြုံဂလက် (မော်ကင်း) ဆလုံတိုင်းရင်း သားကျေးရွာသို့ ရောက်ရှိကြပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီးမှာ ကျယ်ဝန်းပါကြောင်း၊ မည်သို့ပင် ကျယ်ဝန်းပါစေ တိုင်းရင်းသားများမှာ မိမိတို့အတွက် တန်းတူညီတူ အရေးပါပါကြောင်း၊ ဆလုံတိုင်းရင်းသားများ အရေအတွက် မများတော့သော်လည်း အရေအတွက် အများဆုံးဖြစ်သည့် ဗမာတိုင်းရင်းသားများ နည်းတူ အရေးပါပါကြောင်း၊ မိမိတို့အနေဖြင့် တန်ဖိုးထားပါကြောင်း၊ သို့ဖြစ်၍ အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး၏အကျိုးစီးပွားအတွက် ဆောင်ရွက် ပေးလိုပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးရန်ဆိုလျှင် လိုအပ်သည့် အခြေအနေများကိုသိရန် အရေးကြီး ပါကြောင်း၊ အဝေးမှမည်သို့ပင် တင်ပြတင်ပြ အခြေအနေမှန်ကို သိရန်မလွယ်ကူပါကြောင်း၊ သို့ဖြစ်၍ အခွင့်အရေးရသည့်အချိန် တင်ပြကြစေလို၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ရောက်ချိန်တွင်လည်း တင်ပြလိုများကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏တိုးတက်မှုသည် အဓိကအားဖြင့် အစိုးရတာဝန်ယူထားသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူပြည်သားများကြားတွင် ယုံကြည်မှုရှိရန်မှာ အဓိကဖြစ်ပါ ကြောင်း၊ ပြည်သူ ပြည်သားများနှင့် အစိုးရ တာဝန်ယူထားသည့် ပုဂ္ဂိုလ်များအကြားတွင် ယုံကြည်မှုရှိပါက မိမိတို့လုပ်ငန်းများ အောင်မြင်မည် ဖြစ်ပါကြောင်း၊ ယုံကြည်မှုမရှိပါက အောင်မြင်ရန်မှာ ခက်ပါကြောင်း၊ မိမိ တို့အနေဖြင့် ဆလုံတိုင်းရင်းသားများကို တိုးတက်ဖွံ့ဖြိုးစေလိုပါကြောင်း၊ ဆလုံတိုင်းရင်းသား များ၏မိရိုးဖလာ ထုံးတမ်းအစဉ်အလာများကို စောင့်ရှောက်နိုင်သည့် အခွင့်အရေးများကိုလည်း ဖန်းတီးပေးလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးအားလုံးသည် ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထားရမည် ဖြစ်ပါကြောင်း၊ လူတိုင်း လူတိုင်း၏ ယဉ်ကျေးမှုတွင် တန်ဖိုးထားစရာများ ရှိပါကြောင်း၊ သို့သော်လည်း ခေတ်နှင့်အညီ တိုးတက်ရန် လိုပါကြောင်း၊ ယင်းအတွက် ယနေ့ဆွေးနွေးပွဲတွင် ဆလုံတိုင်းရင်းသားများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘဝများ ပိုမိုကောင်းမွန်လာရန်အတွက် မိမိတို့ ကူညီပေးနိုင်ရန် ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ မိမိအနေဖြင့် တတ်နိုင်သမျှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ မတတ်နိုင်သည့် ကိစ္စများကိုလည်း လုပ်ဆောင် သင့်ပါက အနှေးနှင့်အမြန် လုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း၊ အရေးကြီးသည်မှာ မိမိတို့ တစ်ယောက် နှင့်တစ်ယောက် ယုံယုံကြည်ကြည် ဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဆလုံတိုင်းရင်းသားများမှာ အင်မတန်မှ ခံနိုင်ရည်ရှိသည်ကို သိပါကြောင်း၊ သတ္တိရှိသည်ကို သိပါကြောင်း၊ တစ်ခါတရံ အခြား တိုင်းရင်းသားများကို ကြည့်ပြီး သူတို့လောက် မတိုးတက်သေးဘူးဆိုသည့် အားငယ်စိတ်မရှိစေလိုကြောင်း၊ လူတိုင်း လူတိုင်းတွင် အားသာချက်များ ရှိပါကြောင်း၊ အားနည်းချက်များလည်း ရှိပါကြောင်း၊ တစ်ချို့မှာ အမြင်တွင် ကိုယ့်ထက်ချမ်းသာ ကြွယ်ဝသည့် ပုံစံထွက်ပေါ်နေသော်လည်း သူတို့တွင် ကိုယ်မမြင်ရသည့် အားနည်းချက်များ ရှိပါကြောင်း၊ သို့ဖြစ်၍ ကိုယ့်ကိုယ်ကို ယုံကြည်ရန် လိုပါကြောင်း၊ ဆလုံတိုင်းရင်းသားများ၏ ထိန်းသိမ်းသင့်သည့် ရိုးရာ ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းကြစေလိုကြောင်း၊ သတ္တိရှိရှိဖြင့် ဘဝကို ရင်ဆိုင်ကြစေလိုကြောင်း၊ အရေးကြီးသည့် ကိစ္စနှစ်ခုရှိပါကြောင်း၊ တစ်ခုမှာ ကျန်းမာရေးဖြစ်ပါကြောင်း၊ မိမိတို့ဆလုံ တိုင်းရင်းသားများ အနေဖြင့် ကျန်းမာရေးဂရုစိုက်ရန် လိုပါကြောင်း၊ ကျန်းမာရေးကောင်းမှသာ ကိုယ့်အနာဂတ်ကို ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ပညာရေးဖြစ်ပါကြောင်း၊ မိမိတို့ဆလုံ လူငယ်များအား ပညာတတ်အောင် သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဆက်လက်ပြီး ကောင်းမွန် သည့် ရိုးရာအစဉ်အလာများကို ထိန်းသိမ်းနိုင်မည့် အရည်အချင်းများ ရှိမည်ဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲပြီး တိုးတက်အောင်ဆောင်ရွက်နိုင်မည့် အရည်အချင်းများရှိမည်ဖြစ်ပါကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး လိုအပ်ချက်များရှိပါက ပြောကြားစေလိုကြောင်း၊ မိမိတို့ ကျင့်သုံးနေသည့် ပညာရေးစနစ်သည် ဆလုံတိုင်းရင်းသားများအတွက် သင့်တော်ချင်မှလည်း သင့်တော်မည်ဖြစ်ပါကြောင်း၊ မသင့်တော်ပါက ပြောင်းလဲသင့်သည့်များကို ပြောင်းလဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာဆိုသည်မှာ ကျောင်းတွင် သင်ကြား သည့် ပညာမှသာ မဟုတ်ပါကြောင်း၊ ကိုယ့်ရိုးရာအရ တတ်မြောက်ထားသည့် လုပ်နိုင်ကိုင်နိုင်သည်ကလည်း ပညာဖြစ်ပါကြောင်း၊ ဆလုံတိုင်းရင်းသား များသည် ပင်လယ်နှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် ကျွမ်းကျင်မှု ရှိပါကြောင်း၊ ယင်းကျွမ်းကျင်းမှုများကို ထိန်းသိမ်းထားရန်မှာ အရေးကြီးပါကြောင်း၊ ခြုံငုံပြောရလျှင် ပညာရှာ သည်မှာရှိပြီးသား ရိုးရာအတတ် ကျွမ်းကျင်မှုများကို ထိန်းသိမ်းထားရန်နှင့် အသစ်တတ်မြောက်ရမည့် ပညာ များကို စုစည်းရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ရောက်ရှိနေသည့် အချိန်တွင် ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များနှင့် အခြားလိုအပ်ချက်များ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဆလုံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဒေသခံပြည်သူများက အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် ဆလုံတိုင်းရင်းသားအချို့ မူလမွေးရပ်မြေသို့ ပြန်လည်အခြေချ နေထိုင်လိုသည့်အတွက် ဆောင်ရွက်ပေးနိုင်ရေး၊ တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းများ အဆင်ပြေစေရန် ငါးဖမ်းလှေများအား စည်းမျဉ်းသတ်မှတ်၍ သတ်မှတ်ပိုက်များဖြင့် ရှာဖွေဖမ်းဆီးရန် အတွက် စိစစ်ဆောင်ရွက်ပေးရေး၊ ရေရှည်စားဝတ်နေရေးအတွက် လုပ်ငန်းများဖော်ဆောင်ပေးရေး၊ ဆရာဝန်နှင့် သူနာပြု လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဆလုံတိုင်းရင်းသားများ နေထိုင်သည့် ပင်လယ်ပြင် ကျွန်း ၁၀ ကျွန်းအား လက်တွေ့ကွင်းဆင်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ကာ ရရှိလာသည့် တွေ့ရှိချက်များကို အခြေခံ၍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံများ ဆောင်ရွက်ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းများတွင် ဆလုံတိုင်းရင်းသားများ တိုက်ရိုက် အကျိုးခံစားနိုင်မည့် အစီအမံများ ဆောင်ရွက်ပေးရေး၊ ဆလုံကျေးရွာ ပရဟိတ လူငယ်အသင်းများအား အသိအမှတ်ပြုပေးနိုင်ရေး၊ ဆလုံကျေးရွာများတွင် ပြည်တွင်းခရီးသွား ဧည့်သည်များ ညအိပ်ရပ်နား တည်းခိုခွင့် ခွင့်ပြုပေးနိုင်ရေး၊ ညောင်းဝှီးကျေးရွာအား ကျေးရွာအမည် ပေါက်ရရှိရေးနှင့် ဆေးပေးခန်းရရှိရေး၊ တွဲဖက်အလယ်တန်း ကျောင်းရရှိရေးနှင့် မကြုံဂလက် ကျေးရွာနှင့် ဆလုံကျေးရွာများအတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ပေးနိုင်ရေး တို့ကို တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသခံများ စားဝတ်နေရေး ဖူလုံမှုရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စနစ်တကျ လေ့လာဆန်းစစ်၍ စီစဉ် ပေးမည်ဖြစ်ကြောင်း၊ ဆေးဝါးကုသနိုင်ရေး အတွက် အမြန်ဆုံးအလေးထား ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဆလုံတိုင်းရင်းသားများ နေထိုင်သည့် ကျွန်း ၁၀ ကျွန်းအတွက် ဝန်ကြီးဌာန ၅ ခုမှစုဖွဲ့ပြီး ကွင်းဆင်းလေ့လာ ဆန်းစစ်ပြီး ရေရှည်လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ချက်ချင်းဆောင်ရွက် ပေးမည့် အစီအမံများ၊ အချိန်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ် များနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မကြုံဂလက် (မော်ကင်း)ကျေးရွာ ဒေသခံပြည်သူများ အတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ ဒေသခံတာဝန်ရှိသူများက လက်ခံရယူပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဒေသထွက်လက်ဆောင် ပစ္စည်းများနှင့် ဆလုံရိုးရာလှေငယ်ကို ဂါရဝပြု ပြန်လည် ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မကြုံဂလက်ကျေးရွာမှ ဆလုံ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဒေသခံပြည်သူများနှင့်လည်းကောင်း၊ မကြုံဂလက် ကျေးရွာ ပရဟိတလူငယ်များနှင့် လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဆလုံမျိုးနွယ်စုများသည် အစုအဖွဲ့အလိုက် နေထိုင်ကြပြီး ပင်လယ်ပျော်များဟုလည်း လူသိများ ကြောင်း၊ “ဆလုံ” ထက် “မော်ကင်း” ဟု အခေါ်ခံရခြင်းကို ပိုမိုနှစ်သက်ကြကြောင်း၊ အများအားဖြင့် မြိတ် ကျွန်းစုဒေသတွင် နေထိုင်ကြကာ ဆလုံလူမျိုးသည် မြိတ်ကျွန်းစုဒေသ၏ အထင်ကရ အမှတ်အသား (Identity) တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့၏ ဓလေ့နှင့် နေထိုင်မှုတို့မှာ အခြားမျိုးနွယ်များနှင့် ကွဲပြားကြောင်း၊ ဆလုံလူမျိုးတို့သည် နေရာတစ်ခုတွင် အတည်တကျ နေထိုင်ခြင်း မပြုဘဲ ပင်လယ်ပြင်တွင် လှည့်လည် ကျက်စားကြကြောင်း၊ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်ပြီး ပင်လယ်ကြမ်းပြင်အထိ ရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင် အကူအညီမပါဘဲ အချိန်အတော်ကြာနေနိုင်ကြောင်း၊ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ်လည်း အမည်တွင်ကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေးဘဲ ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းတို့ဖြင့် အသက်မွေးကြ ကြောင်း၊ ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းထားသည့် ကဘန် ခေါ် ဆလုံရိုးရာ လှေများကို အသုံးပြုကြ ကြောင်း၊ အသုံးအဆောင်များ၊ အစာနှင့်ရေ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြကြောင်း၊ ဆောင်းနှင့် နွေရာသီတို့တွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီ ရာသီဥတု ဆိုးရွားသည့်အခါ နီးစပ်ရာကျွန်းပေါ်တွင် ဝါးခြေ တိုင်ရှည်တဲများဖြင့် လည်းကောင်း၊ ဂူများရှာ၍လည်းကောင်း နေထိုင်လေ့ရှိကြောင်း သိရသည်။
ထို့ပြင် ဆလုံလူမျိုးတို့သည် ပင်လယ်ခရု၊ ကမာ (မုတ်)ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေ မှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိကြောင်း၊ အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိကြောင်း၊ ၎င်းတို့၏လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြပြီး ကိုယ်ပိုင်ရိုးရာနတ်ကို ကိုးကွယ်ကြကြောင်း၊ ဆလုံဦးရေ စုစုပေါင်း (၃၀၀၀) ခန့်ရှိကြောင်း ခန့်မှန်းရပြီး အုပ်စု (၁၀) စုဖြင့် နေထိုင်ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် (၉)စု နှင့် ထိုင်းနိုင်ငံတွင် (၁)စု ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မကြုံဂလက်ကျေးရွာမှ အမြန်ရေယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ကြပြီး ကော့သောင်းမြို့သို့ ရောက်ရှိကြရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။