Follow Us

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူ များနှင့်တွေ့ဆုံ

Thu, 02/14/2019 - 22:06

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မွန်းလွဲ ၂ နာရီတွင် တနင်္သာရီ တိုင်းဒေသ ကြီး မြိတ်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက မြိတ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မြိတ်မြို့တွင်း လမ်းမကြီးများတစ်လျှောက် တွင် ဒေသခံပြည်သူများက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရုပ်ပုံပိုစတာများနှင့် ဗီနိုင်းပိုစတာ များအား ကိုင်ဆောင်ပြီး သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြိတ်မြို့အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိအနေဖြင့် ယခုဆိုလျှင် တနင်္သာရီတိုင်းဒေသကြီးကို မရောက်သည်မှာ နှစ်နှင့်ချီ သွားပြီဖြစ်ပါကြောင်း၊ ယခုလို လာနိုင်သည့်အတွက် ဝမ်းသာပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူလူထု၏ နွေးထွေးစွာ ကြိုဆိုမှုအတွက်ကျေးဇူးတင်ပါကြောင်း၊ ယနေ့သည် ဖေဖေ၏ ၁၀၄ နှစ် မြောက်မွေးနေ့ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ဖေဖေ၏ မွေးနေ့ကို ကလေးများနေ့အဖြစ်သတ်မှတ်ပြီး ဤကျောင်းတွင် ဆုပေးပွဲ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဆုဆိုသည်မှာ လွယ်လွယ်ကူကူနှင့်ရသည့် အရာမဟုတ်ပါကြောင်း၊ ကြိုးပမ်းမှုကြောင့်သာရရှိခြင်းဖြစ်ပါကြောင်း၊ ရသင့်ရထိုက်သည့်ဆုရရှိမှသာလည်း ဂုဏ်ရှိသည်ဟု အားလုံးကိုပြောချင်ပါကြောင်း၊ မိမိ၏ကြိုးစားမှုကြောင့်၊ စွမ်းဆောင်မှုကြောင့် ရသည့်ဆုဆိုလျှင် ကောင်းပါကြောင်း၊ ထိုထက်ပိုပြီး ကောင်းသည့်ဆုမှာ အခြားသူများအတွက် စွမ်းဆောင်မှုကြောင့် ရသည့်ဆုပင်ဖြစ်ပါကြောင်း၊ ဖေဖေဆိုလျှင် ပြည်သူလူထု၏မေတ္တာကိုခံယူရခြင်းကြောင့် ဘာဆုမှ မလိုအပ်ဘဲ ဆုကြီးရှင်တစ်ယောက်ဖြစ်နေပါကြောင်း၊ ယနေ့ကလေးများသည် ဖေဖေ မိန့်ခွန်းပြော သည့်ပုံစံကို သရုပ်ဆောင်ကြောင်း၊ သရုပ်ဆောင်သည့်နေရာတွင် အတော်ဆုံးနေရာကဆုရသည်ဟု သိရပါကြောင်း၊ သရုပ်ဆောင်တော်တယ် ဆိုသည်မှာ အနုပညာအရပါရမီပါ သည်ဟု ပြောနိုင်ကြောင်း၊ ဖေဖေ၏ ပြင်ပရုပ်ကိုသာ အတုခိုးရန်က အဓိကမဟုတ်ပါကြောင်း၊ နိုင်ငံအပေါ်ထားသည့်စေတနာကို လေးစားတန်ဖိုးထားပြီး အတုခိုးခြင်းကအရေးကြီးပါကြောင်း၊ ယခုခေတ်တွင် အများအတွက် လုပ်ပေးသည့် စိတ်သဘောထားက အားလျော့ပါကြောင်း၊ တချို့က ထိုအရာကို ခေတ်နှင့်မညီဘူး ဟုပြောကြပါကြောင်း၊ ယခုခေတ်က ကိုယ့်အတွက် လုပ်နိုင်မှ၊ ကိုယ်ချမ်းသာအောင်လုပ်နိုင်မှ အဆင် ပြေမည်ဆိုပြီး လူကြီးများက သင်ကြားလာကြပါကြောင်း၊ ထို့ကြောင့် မိမိတို့ကလေးများ မှန်မှန် ကန်ကန် ပညာသင်ယူစေချင်လျှင်၊ မှန်ကန်သည့်စံနှုန်းများ နှလုံးသွင်းစေချင်လျှင် လူကြီးများက မှန်ကန်သည့် အပြုအမူများရှိရန် အရေးကြီးပါကြောင်း၊ ပြောသည်ကတစ်မျိုးပြောပြီး လုပ်သည်က တစ်မျိုးဆိုလျှင် ကလေးများစိတ်ရှုပ်ထွေးပြီး လေးစားမှု၊ ယုံကြည်မှုပျက်နိုင်ပါကြောင်း၊ ထို့ကြောင့် မိဘဆရာများသည် ကျောင်းသူ ကျောင်းသားများ၊ ကလေးများအတွက် စံနမူနာအဖြစ်နေသင့် ပါကြောင်း၊ ကျောင်းတစ်ကျောင်း၏ တန်ဖိုးကိုတွက်သည့်အခါ ကျောင်းသူ /ကျောင်းသားများ ကျောင်းကို မလာချင်သည့်စိတ်က အများဆုံးဖြစ်နေလျှင် ထိုကျောင်း၏ အခြေအနေ မကောင်းဘူးဟု သတ်မှတ်ရ မည်ဖြစ်ပါကြောင်း၊ ကျောင်းတစ်ခုသည် ပြင်ပအားဖြင့်ကြည့်လျှင် မည်မျှပင် မပြည့်စုံသည့် ပုံစံထွက်နေပါစေ၊ ရုပ်ပိုင်းဆိုင်ရာပစ္စည်းများ မပြည့်မစုံဖြစ်နေပါစေ၊ ကလေးကကျောင်းကိုသွားရ သည်မှာ ပျော်သည်ဆိုလျှင် ထိုကျောင်းသည် အောင်မြင်ပြီဟု ဆိုနိုင်ပါကြောင်း၊ ကျောင်းမှာပျော်လျှင် ကျောင်းက သင်ပေးသည်များကို သင်ယူနှလုံးသွင်းပြီး တစ်ဘဝလုံး တန်ဖိုးထားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဓိကမှာဆရာဆရာမများ၏ တာဝန်ဖြစ်ပါကြောင်း၊ ဆရာဆရာမများသည် ကျောင်းသူူ / ကျောင်းသားများ အပေါ် စေတနာရှိမည်ဆိုလျှင်၊ ကျောင်းသူ/ ကျောင်းသားများ၏ရှေ့ရေးအတွက် စဉ်းစားမည်ဆိုလျှင် ကလေးများ မပျော်စရာအကြောင်းမရှိပါကြောင်း၊ ယခုတစ်နိုင်ငံလုံးမှ ကျောင်း တချို့ကိုကြည့်သည့်အခါ မိမိသတိပြုမိသည်မှာ ကျောင်းသည် ရုပ်ပိုင်းဆိုင်ရာအရထည်ဝါရန်၊ ခမ်းနားရန်အဓိက မဟုတ်ပါကြောင်း၊ ဆရာဆရာမများက ကျောင်းသားများကို ကျောင်းနေချင် သည့်စိတ်ဖြစ်စေရန် မည်မျှလုပ်ပေးနိုင်သည်ဆိုသည်က အဓိကဖြစ်ပါကြောင်း၊ လိုအပ်နေသည်များကို မိမိတို့ အစိုးရအနေဖြင့် တတ်နိုင်သည့် ဘဏ္ဍာငွေ အခြေအနေအတွင်းက ကူညီမည်ဖြစ်ပါကြောင်း၊ သို့သော်ဆရာဆရာမများကလည်း ကူညီရလိမ့်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ကျောင်းသူ/ ကျောင်းသားများက ကူညီတတ်သည့် အလေ့အထနှင့် ပြန်ပြီးကူညီမည်ဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏အဓိကသယံဇာတအင်အားဆိုသည်မှာ ပြည်သူလူထုဖြစ်ပါကြောင်း၊ မိမိတို့ အနာဂတ် အတွက် ကလေးငယ်များသည် မိမိတို့၏ဘဏ်ထဲတွင် စုထားသည့် ငွေကြေးများကဲ့သို့ ဖြစ်ပါကြောင်း၊ အနာဂါတ်တွင် အချိန်မရွေးထုတ် သုံးနိုင်သည့် အင်အားများ ဖြစ်လာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိဘဆရာများသည် နိုင်ငံတစ်နိုင်ငံလုံးအတွက် သုံးမကုန်သည့် နိုင်ငံတော်ရတနာများဖြစ်စေရန် ဝိုင်းဝန်းပြီးကြိုးစားကြရန် မိမိအနေဖြင့် ဆော်သြပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံတွင် အချမ်းသာဆုံး တိုင်းဒေသကြီး တစ်ခုဟုပြောမရပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန် ဤတိုင်းဒေသကြီးမှ ပြည်သူလူထုချမ်းသာကြွယ်ဝရန် အားလုံးဝိုင်းပြီးလုပ်ရမည် ဖြစ်ကြောင်း၊ ဗဟိုအစိုးရအနေဖြင့် လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ပါကြောင်း၊ သို့သော် အားလုံးသိသည့်အတိုင်း မိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးခုနှစ်ခု၊ ပြည်နယ် ခုနှစ်ခုရှိသည့်အတွက် အားလုံးမျှမျှတတတတ်နိုင်သမျှ ကူညီရပါကြောင်း၊ နိုင်ငံက မကြွယ်၀ မချမ်းသာသည့်အတွက် ထောက်ပံ့ချင်သလောက် မထောက်ပံ့နိုင်ပါကြောင်း၊ ထောက်ပံ့သမျှ ထိထိရောက်ရောက် အပြည့်အ၀ အကျိုးရှိစေရန် လုပ်ဆောင်ရမည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တာဝန်ဖြစ် ကြောင်း၊ လူတိုင်းလူတိုင်းသည် တာဝန်ကိုအလေးထားရမည်ဖြစ်ပါကြောင်း၊ တာဝန်မဲ့သည့် ပုဂ္ဂိုလ် များသည် အခြားသူများအတွက် တာဝန်ယူနိုင်သည့် အနေအထားမရှိပါကြောင်း၊ ထို့ကြောင့်မိမိတို့ မြန်မာနိုင်ငံတွင်အားလုံး တာဝန်သိစိတ်နှင့် နိုင်ငံအတွက်လုပ်ဆောင်ရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ အဖွဲ့ချုပ်အနေဖြင့် ပြည်သူများကိုပေးထားသည့် ကတိကဝတ်များ ဖျက်ခဲ့သည် ဆိုသည်မှာ တစ်ခါမျှမရှိခဲ့ပါကြောင်း၊ နောင်လည်းဖျက်မည်မဟုတ်ပါကြောင်း၊ ပြည်သူများကို ထိခိုက်စေသည့် ကိစ္စများ ဖြစ်လာပြီဆိုပါကမိမိတို့အနေဖြင့် ပြတ်ပြတ် သားသား ဥပဒေဘောင် အတွင်းက အရေးယူမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ တစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားများ၏ အကျိုးအတွက် တာဝန်ထမ်းဆောင်ခွင့်ရသည့် ပုဂ္ဂိုလ်များအားလုံးမိမိတို့၏ တာဝန်များကို ဖြောင့်ဖြောင့်မတ်မတ် ပွင့်ပွင့်လင်းလင်း၊ တိတိကျကျ ဆောင်ရွက်ကြပါဟု ဆော်သြချင် ပါကြောင်း၊ မိဘဆရာများကလည်း မိမိတို့၏ကလေးငယ်များကို ကြီးလာသည့်အခါ ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း တိတိကျကျ ထမ်းဆောင်နိုင်သည့် လူကြီးများဖြစ်စေရန် ဝိုင်းဝန်းပြီး ပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခရိုင်အဆင့် မူလတန်းနှင့် အထက်တန်း အဆင့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲများတွင် ပထမရရှိခဲ့ကြသည့် ကျောင်းသားများ၏ သရုပ်ဖော် မိန့်ခွန်းပြောကြားမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ်က ခရိုင်အဆင့် ဗိုလ်ချုပ် မိန့်ခွန်းပြောပြိုင်ပွဲ မူလတန်းအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ ကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး ဦးလှမော်ဦးတို့က ခရိုင်အဆင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့်၊ အလယ်တန်း အဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဆုရကျောင်းသား၊ ကျောင်းသူများ၏ အနုပညာပြခန်းကို ကြည့်ရှု အားပေးသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြိတ်မြို့ပုလဲ ရတနာခန်းမ၌ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကို သွားပြီးတော့ ကြည့်တယ်ဆိုတာဟာ အဓိကအားဖြင့် ပြည်သူလူထုရဲ့ အခြေအနေကို သိဖို့ပါပဲ။ ပြည်သူလူထုဟာ ဘယ်လောက်တိုးတက်မှုရှိသလဲ။ ဘယ်လောက် ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလဲ။ ဒီပြဿနာတွေကို ရင်ဆိုင်ကျော်လွှားဖို့က ဘာတွေလုပ်သင့်သလဲ ဆိုတာကို လေ့လာဖို့ ကျွန်မတို့ခရီးထွက်ခဲ့တာဖြစ်ပါတယ်။
နောက်ပြီး တာဝန်ယူထားတဲ့အစိုးရအနေနဲ့လည်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အသီးသီးက မိမိတို့ရဲ့တာဝန်တွေကျေရဲ့လားဆိုတာကို လိုက်ပြီးကြည့်ဖို့ဟာ ကျွန်မတို့ရဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ တနင်္သာရီကို မရောက်တာကြာပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က ရောက်တယ်၊ နောက်ပိုင်း မရောက်ဖြစ်တာ သုံးနှစ်လောက်ရှိသွားပါပြီ။
အဲဒီလိုအချိန်အတွင်းမှာ ဘယ်လောက်တိုးတက်မှုရှိသလဲဆိုတာ သိချင်လို့ လာတာဖြစ်ပါ တယ်။ တစ်နှစ်နဲ့တစ်နှစ် တိုးတက်မှုဆိုတာ ကတော့ရှိရမယ်။ ကျွန်မသတိပြုမိတာကတော့ တစ်တိုင်းပြည်လုံးရဲ့ တချို့နေရာတွေမှာ ပိုပြီးတော့ တိုးတက်တယ်။ တချို့နေရာတွေမှာ တိုးတက်မှု က နှောင့်နှေးတယ်။ တိုးတက်မှုအရှိန်က တစ်နေရာနဲ့ တစ်နေရာ မတူတာကတော့ အကြောင်း ကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။
တချို့နေရာတွေက ပထဝီအနေအထားအရ ဖွံ့ဖြိုးတိုးတက်မှုလုပ်ဖို့ ခက်ခဲတဲ့နေ ရာတွေလည်း ရှိပါတယ်။ တချို့ကျတော့ လုပ်ဖို့၊ ကိုင်ဖို့ မပီပြင်လို့ ဖြစ်ပါတယ်။ ဒါတွေဟာ ဘယ်ဘက်ကနေပြီး အားနည်း ချက်ရှိသလဲဆိုတာကို ကျွန်မတို့က လေ့လာသုံးသပ်ပြီးတော့ အတတ်နိုင်ဆုံး ဒီအားနည်း ချက်တွေကို ဖယ်ရှားဖို့ အစိုးရကနေပြီးတော့ တာဝန်အရ လုပ်သွားမှာ ဖြစ်ပါတယ်။
ကျွန်မ ဒီမလာခင်မှာ အ.ထ.က (၇) ကို ရောက်ခဲ့ပါတယ်။ အဲဒီက ကလေးတွေက ဒီနေ့ ဖေဖေရဲ့ (၁၀၄) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ လုပ်တဲ့ပြိုင်ပွဲတွေမှာ ဖေဖေ မိန့်ခွန်းပေး တာတွေကို သရုပ်ဆောင်ပြကြပါတယ်။ ကလေးတွေက တော်လွန်းလို့ အဲဒီလို လုပ်မယ်မှန်းသိရင် ကျွန်မကိုယ်တိုင် မိန့်ခွန်းပြောဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက ဖေဖေပြောခဲ့တဲ့ မိန့်ခွန်းတွေက အခုထိမှန်နေတာပဲ။
အခုထိမှန်နေတယ်ဆိုတာ ဒါကို ကျွန်မတို့ စဉ်းစားစရာ အများကြီးဖြစ်ပါတယ်။ လွတ်လပ်ရေး မရခင်ကာလတုန်းက ကျွန်မတို့နိုင်ငံရဲ့ အခြေအနေနဲ့ အခုလွတ်လပ်ရေး ရပြီးလို့ (၇၁)နှစ်ပြည့်သွားပြီ။ အဲဒါတောင်မှ ကျွန်မတို့ အရင်အခြေအနေကနေ ပြောင်းလဲမှုဟာ မရှိသေးဘူးလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ တိုးတက်မှုကို သိသိသာသာ တွေ့မြင်ခဲ့ရပါတယ်။ အားလည်းတက်ပါတယ်။ အဓိကအားဖြင့် ကျွန်မ အားတက်တဲ့ တိုးတက်မှုတစ်ခုက ကျွန်မတို့ရဲ့ ကလေးသူငယ်များရဲ့ စိတ်ဓာတ်ဟာ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာကို တော်တော်ပြောင်းလဲတာကို တွေ့ရပါတယ်။ အဲဒါကလည်း တစ်နည်းအားဖြင့် ပညာရေးစနစ်ရဲ့မူတွေ ပြောင်းလဲသွားလို့လည်း ဖြစ်နိုင်ပါတယ်။
ပြည်သူလူထုတွေ ကိုယ်တိုင်က စိတ်ဓာတ်တွေပြောင်းလဲသွားလို့ ဖြစ်နိုင်ပါတယ်။ မှန်ကန်တဲ့ ဘက်ကို ပြောင်းလဲသွားတဲ့ စိတ်ဓာတ်တွေကို ထိန်းသိမ်းထားပြီးတော့ ဆက်လက် ပြောင်းလဲဖို့လည်း ကျွန်မ တိုက်တွန်းချင်ပါတယ်။
တကယ်အောင်မြင်ချင်တယ်ဆိုရင် စည်းကမ်းရှိရမယ်၊ အလုပ်လုပ်ရမယ် ဒါက အဓိကပဲ။ ကျွန်မတို့ပြောကြတဲ့ဘဝမှာ အောင်မြင်ဖို့ဆိုရင် ကံ၊ ဉာဏ်၊ ဝီရိယစိုက်ထုတ်ရမယ်။ ကံဆိုတာက ပြုလုပ်ခြင်းပါပဲ။ တချို့တွေက ကံဆိုတာ အတိတ်ကံကိုပဲ စိတ်က ရောက်သွား ပါတယ်။ ဒါပေမယ့် ကံဆိုတဲ့ အနက် အဓိပ္ပာယ်က ပြုလုပ်ခြင်းပဲ။ ကိုယ်လုပ်သလို ကိုယ်ဖြစ်မယ်၊ ကံကံ၏အကျိုးဆိုတာ ဒါကိုပဲပြောတာပါ။ လုပ်တဲ့အတိုင်းပဲဖြစ်လာလိမ့်မယ်။
ကိုယ့်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို မမြင်ပေမယ့်လည်း နောင်တစ်ချိန် တစ်ခါမှ လိုက်လာမှာပဲဆိုတဲ့အဓိပ္ပာယ်ပါ ကျွန်မ မကြာခဏပြောတဲ့ ဒီလောကကြီးမှာ အလကား ရတယ်ဆိုတာ ဘာမှမရှိဘူး။ ကိုယ်ပေးရင် ပေးသမျှပြန်ရ တာပဲရှိတယ်။ စေတနာပေးရင် စေတနာပြန်ရမယ်။ မေတ္တာပေးရင် မေတ္တာပြန်ရမယ်။ လောဘပေးရင် လောဘပြန်ရမယ်။ ဒေါသပေးရင် ဒေါသပြန်ရမယ်။ ကိုယ်ပေးသလောက်ပဲ ကိုယ်ပြန်ရမယ်။ ဘာမှတော့ အလကားမရပါဘူး။ ကျွန်မတို့နိုင်ငံ တိုးတက်ဖို့ဆိုရင် အားလုံးကနေ ဝိုင်းဝန်းပြီးတော့ ကြိုးစား ဖို့၊ စည်းကမ်းရှိရှိနဲ့လုပ်ဖု့ိက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မက ကျောင်းတွေကို အထူးအလေးပေးထားပြီး သွားပြီးကြည့်တာဟာ ကျွန်မတို့ရဲ့ ကလေးသူငယ်များ မှန်ကန်တဲ့ လမ်းပေါ်မှာ လျှောက်နေရဲ့လား။ တိုးတက်မှုတွေရှိရဲ့လား ဆိုတာ သိချင်လို့ပါ ဒီနေ့ကျောင်းမှာ ဆုပေးပွဲဆိုတော့ ကလေးတွေနဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် တခြား ပြည်နယ်တွေ၊ တိုင်းတွေရောက်တဲ့အခါမှာ ကလေးတွေနဲ့တွေ့တဲ့အခါ ကျွန်မသဘော အကျဆုံးကိစ္စတစ်ခုက ကလေးတွေက မကြောက်တဲ့စိတ်၊ မေးတာ၊ ဖြေတာ မကြောက်ကြဘူး။ ရှက်တာလေးတော့ရှိပါတယ်။ ဒါကတော့ သဘာဝကျပါတယ်။ တစိမ်းတွေနဲ့ ကိုယ်မသိတဲ့ သူတွေနဲ့ ပထမဦးဆုံးအကြိမ်တွေ့တယ်ဆိုရင် ရှက်တာတွေ ရှိပါတယ်။ ဒါပေမယ့် ကလေးတွေက မကြောက်ဘူး။ ရဲရဲတင်းတင်းနဲ့ မေးတာကို ဖြေနိုင်တယ်။ သူတို့ တတ်တာလေးတွေကို သူတို့က ထုတ်ပြချင်တယ် ပွင့်ပွင့်လင်းလင်းရှိတယ်။ ကျွန်မတို့ ဒီတစ်ခုနဲ့ပဲ လမ်းမှန်ပေါ်ရောက်ပြီ၊ ဆက်ပြီးလမ်းမှန်ပေါ်နေဖို့ လိုတယ်ဆိုတာ ပြောချင်ပါတယ်။ အစကောင်းမှ အနှောင်းသေချာတယ် ဆိုသလို ကလေးတွေက အစတော့ ကောင်းသွားပြီ ကလေးတွေက မကြောက်ဘူး၊ ကျောင်းလာရတာလည်း ပျော်ပုံရကြတယ်။
ကျောင်းလာရတာပျော်ရဲ့လားလို့ ကျွန်မမေးတော့ ပျော်ပါတယ်တဲ့။ ကလေးတွေက ဆရာမရှေ့မှာမို့ ပျော်တယ်လို့ဖြေတာမဟုတ်ဘူးလို့ ကျွန်မထင်ရတဲ့အကြောင်းက သူတို့ မျက်နှာ တွေက ပွင့်ပွင့်လင်းလင်း ရွှင်ရွှင်လန်းလန်းရှိတယ်။ ကလေးတွေက စာသင်နေရုံတင် မကဘူး ကစားနည်းနဲ့ စာသင်တယ်။ ကစားနည်းနဲ့ စာသင်တဲ့ အခုကျွန်မတို့ ချမှတ်ထားတဲ့ မူဝါဒတွေဟာ စပြီးအကောင်အထည်ပေါ်နေပြီဆိုတော့ ကျွန်မအနေနဲ့အင်မတန်မှ ဝမ်းသာပါတယ်။
ကျွန်မတို့နိုင်ငံ သွားဖို့ခရီးကအင်မတန်ဝေးပါသေးတယ်။ ဖေဖေ့မိန့်ခွန်းထဲမှာဆိုရင် နောက် အနှစ် နှစ်ဆယ်ကြာအုံးမယ်။ အခမဲ့မူလတန်းပညာသင်ရေး ဒီနိုင်ငံမှာ ရှိဖို့ဆိုတာ နောက်အနှစ် နှစ်ဆယ်လောက်ကြိုးစားရမယ်ဆိုတာ ဘာလို့ဒီလို ပြောသွားလဲဆိုရင်၊ အလုပ် တစ်ခုကို လုပ်ဖို့ဆိုတာ အဖက်ဖက်ကတွက်ရတယ်၊ အလွယ်တွက်လို့မရဘူး။ သိပ်ပြီးတော့ အကောင်းမြင်ဝါဒနဲ့ဆိုရင်လည်း မအောင်မြင်နိုင်ဘူး၊ အဆိုးမြင် ဝါဒများရင်လည်း မအောင်မြင် နိုင်ဘူး။ အကောင်းမြင်ဝါဒများရင် ဖေဖေပြောသလို လွတ်လပ်ရေးရရင် ပဒေသာပင်ကြီး ပေါက်တယ်လို့ တချို့ကထင်ကြတယ်။ အဲဒါ မဟုတ်ဘူး။ ကိုယ်ကြိုးစားမှ၊ လုပ်မှ၊ စည်းကမ်း ရှိမှ၊ ရုန်းကန်မှ ဒါတောင်အဲဒီထဲကနေပြီး အချိန်ကလည်း ယူသင့်သလောက်ယူ ရသေးတယ်ဆိုတာ ပြောသွားတာပါ။
ကျွန်မတို့ ဒီမိုကရေစီပြောင်းလဲရေးဆိုတာလည်း ဒီလိုပါပဲ၊ ဒီမိုကရေစီရရချင်း ပဒေသာ ပင်ပေါက်လာမယ်လို့ ထင်ခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ ထပ်တလဲလဲပြောပါတယ်၊ ဒီလိုမဟုတ်ဘူး ဒီမိုကရေစီဆိုတာ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ကိုယ့်နိုင်ငံအကျိုး အတွက်၊ ကိုယ့်အကျိုးအတွက် ဥပဒေဘောင်အတွင်းက လုပ်ပိုင်ခွင့်ပေးတဲ့ စနစ်ဆိုပြီး ပြတ်ပြတ်သားသား ပြောသွားပါတယ်။ ဒီမိုကရေစီရဲ့ အခွင့်အရေးတွေရှိသလို တာဝန်တွေ ရှိပါတယ်။ အခွင့်အရေးဆိုရင် ဥပမာ- ကိုယ်ကြိုက်တဲ့အစိုးရကို ကိုယ်ရွေးချယ်နိုင်တယ်၊ ဘယ်သူ့ကိုမှမတရားမလုပ်ရင်၊ ကိုယ့်ကို ဘယ်သူမှမတရား မလုပ်နိုင်ဘူး။ လုံခြုံရေးက အခြေခံအားဖြင့် ပေးရမယ်၊ အခြေခံပညာရေး၊ ကျန်းမာရေးကို ဂရုစိုက်တဲ့အစိုးရမျိုး ပေါ်ပေါက်ဖို့ အခွင့်အရေးတွေရှိတယ်။ ဒီမိုကရေစီအရ အခြေခံပညာရေး၊ ကျန်းမာရေး အလကားပေးရ မယ်ဆိုတာ ဘယ်မှာမှမပါဘူး။
သို့သော်လည်း ပြည်သူလူထုက မဲဆန္ဒပေးတဲ့အခါ သူတို့ရဲ့ အကျိုးစီးပွားအတွက် ထမ်းဆောင်မယ့် အဖွဲ့အစည်းကိုပဲ ပေးမှာပါ။ အဲဒီတော့ ပြည်သူလူထုအကျိုးစီးပွားအတွက် အဓိကကျတဲ့ အထဲမှာ ကျန်းမာရေးနဲ့ ပညာရေးပါတယ်။ ဘယ်သွားသွား အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘာအလိုအပ်ဆုံးလဲမေးရင် ဒီအချက်တွေက တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် ဆိုပြီး ကျလာတာပဲ။ ပထမဦးက ရေရရှိရေး၊ သောက်သုံး ရေရှားပါးတဲ့နေရာမှာ နံပါတစ်ရေရှိရေး အများပြောတယ်၊ ဒါကလည်း လက်တွေ့ကျတယ်။ လမ်းပန်းဆက်သွယ် ရေးရဖို့၊ လျှပ်စစ်မီးရဖို့၊ ပညာရေးကောင်းဖို့၊ ကျန်းမာရေးကောင်းဖို့ နောက်ပိုင်းသိမ်းဆည်းထားတဲ့ လယ်ယာမြေပြန်လည် ပေးဖို့အတွက်လည်း ပြောလာပါတယ်။ နောက်ဆုံးကနေ ပြောမယ်ဆိုရင် ဒီကိစ္စကိုလည်း ပြည်သူတွေ သိချင်မှာဆိုတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်း သိမ်းခဲ့တဲ့ လယ်ယာမြေတွေ ပြန်ပေးရေး ဆိုပြီး လွှတ်တော်ကနေ ဆုံးဖြတ်ချက်ချ အတည်ပြု ခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ဆောင်ရွက်နေပါတယ်။ တခါတလေ ပြဿနာတက်တာက ပိုင်ရှင် ဘယ်သူဆိုတာ မရှင်းရင်ပိုင်ရှင်များအကြား၊ ပိုင်ရှင်ဖြစ်နိုင် ခြေရှိတဲ့သူများအကြား ဥပဒေအရ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေရင် ကြာတတ်တယ်။ တခါတလေ သိမ်းထားတဲ့သူတွေက ပြန်မပေးချင်တော့ အမျိုးမျိုးဆင်ခြေတွေတက်လို့ ကြာသွားတာလည်းပါ တတ်တယ်။ အဲဒါတွေကို အားလုံး ကျော်လွှားဖို့ ကျွန်မတို့အနေနဲ့ အဓိကအားစိုက်ပြီး လုပ်နေပါတယ်။ ဒီဟာတွေကို တာဝန်ယူထားတာက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဖြစ်ပါတယ်။
တဖြည်းတဖြည်း လယ်ယာတွေပြန်ပေးနိုင်တဲ့ အခြေအနေရောက်ပါပြီ။ ပြည်သူလူထုက မြန်မြန်ဖြစ်စေချင်သလို၊ ကျွန်မတို့ကလည်း ပိုပြီးတော့ မြန်မြန်ဖြစ်စေချင်ပါတယ်။ ကျွန်မ တို့ရဲ့ အစိုးရသက်တမ်းနှစ်နှစ်ကျော်ကာလ သုံးနှစ်ပြည့်တော့မယ် နှစ်လလောက်ဆိုရင် သုံးနှစ်ပြည့်သွားပြီ၊ ဒီကာလအတွင်းမှာဆိုရင် ဆယ်စုနှစ်ပေါင်း အကြွေးကျန်တွေကို ဆပ်နေရသလိုဖြစ်ပါတယ်။ ဒါမျိုးဆိုတာကတော့ နေ့ချင်းညချင်းတော့ မပြီးနိုင်ပါဘူး။  ဒါပေမယ့် တတ်နိုင်သမျှ အမြန်ဆုံးပြီးအောင် ကျွန်မတို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိကဝတ်တွေရှိပါတယ်။ အဲဒီ ပြည်သူလူထုကိုပေးခဲ့တဲ့ ကတိကဝတ်တွေဟာ အဖွဲ့ချုပ် စတင်ထူထောင်စဉ်ကတည်းက ပေးခဲ့တဲ့ ကတိကဝတ်တွေပါ။ ဒါတွေကို ပြည်သူတွေက မေ့လားမမေ့လားမသိဘူး။ ကျွန်မတို့ကတော့ ဘယ်တော့မှ မမေ့ပါဘူး။ ပထမဦးဆုံးက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဒီဟာကို ကျွန်မတို့ ဦးတည်ရမယ်။ ဒါပြီးရင် တရားဥပဒေစိုးမိုးရေးကို ဦးတည်ရမယ်လို့ ကျွန်မတို့ ပြောပါတယ်။ နောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။
တချို့တွေက အဲဒါကို မေးခွန်းထုတ်ကြတယ်။ ဘာဖြစ်လို့ တရားဥပဒေစိုးမိုးရေးကို ငြိမ်းချမ်းရေး အရှေ့ကနေ ထားသလဲ ဆိုတော့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ဆိုရင် တရား ဥပဒေစိုးမိုးရေး လိုပါတယ်။ တရားဥပဒေမရှိတဲ့နေရာ၊ လုံခြုံရေးပျက်ပြားနေ တဲ့နေရာမှာ ဘယ်လိုမှ ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်းသွားနိုင်မှာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တရားဥပဒေ စိုးမိုးရေးရှိဖို့က အင်မတန်မှ အရေးကြီးပါတယ်။ဒါကြောင့်မို့ တရားဥပေဒ စိုးမိုးရေးကို ကျွန်မတို့ အမြဲတမ်း ထိပ်တန်းတင်ပြီးပြောခဲ့တာပါ။ အခုလည်း ဒီအတိုင်းပါပဲ ခံယူပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိရင် ကျွန်မတို့ရဲ့ တခြားရည်မှန်းချက်တွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လူမှုဘဝစီးပွားတိုးတက် ရေးတွေဆိုတာဟာ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ နောက်တစ်ချက် ကျွန်မတို့ ပြည်သူလူထုကို ကတိပေးခဲ့တာကတော့ ကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တစ်ခု ပေါ်ပေါက်လာရေး အတွက် ပြုပြင်ပြောင်းလဲဖို့ ဦးတည် ပါမယ်ဆိုပြီး ကတိပေးခဲ့တယ်။ အဲဒီအတိုင်းပဲ အများလည်းသိပြီးဖြစ်တဲ့ လွှတ်တော်ထဲမှာ စပြီးတော့ ဒီခြေလှမ်းတွေကို စနေပါတယ်။ ကျွန်မတို့ ပြည်သူတွေကို မတည်နိုင်တဲ့ကတိကိုလည်း လွယ်လွယ် မပေးဘူး။ သေသေချာချာ လုပ်နိုင်တယ် ဆိုတဲ့ဟာကျရင် လုပ်မယ်လို့ ကျွန်မတို့ ပြတ်ပြတ်သားသား ပြောတယ်။
ချက်ချင်းလက်ငင်းလုပ်လို့မရတဲ့ဟာဆိုရင် လုပ်ဖု့ိဦးတည်မယ်၊ လုပ်ဖို့ကြိုးစားမယ်လို့ပြောပါ တယ်။ ဒါပေမယ့် ဘယ်တော့မှ ကျွန်မတို့ ပြည်သူကို လွယ်လွယ်နဲ့ ကတိမပေးပါဘူး။ ပြည်သူကို လွယ်လွယ်နဲ့ ကတိပေးတယ်ဆိုတာ တကယ်တော့ ပြည်သူကိုမလေးစားရာရောက် ပါတယ်။ လွယ်လွယ်နဲ့သူတို့ကြားချင်တာ ပြောလိုက်မယ်ဆိုတဲ့အဓိပ္ပါယ်ပါ။  အဲဒါဟာမလေးစားရာရောက်တယ်၊ တန်ဖိုးမထားရာရောက်တယ်။ ကိုယ့်ကိုယ်ကိုလည်း မလေးစား၊ တန်ဖိုးမထားရာရောက်တယ်။ ဘာဖြစ်လု့ိလဲဆိုတော့ ပေးတဲ့ကတိဆိုတာတည်ရမယ်။ မတည်နိုင်ရင် ဒီကတိကို မပေးရဘူး။ ကျွန်မတို့ဒီမူတွေအပေါ်မှာ အခြေခံပြီးတော့ ပြည်သူလူထုနဲ့ ဆက်ဆံခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ် အနေနဲ့ လိပ်ပြာလည်းသန့်ပါတယ်။ ဘယ်တုန်းကမှ ပြည်သူလူထုကို လှည့်ဖြားခဲ့တာမရှိဘူး။ ပြည်သူလူထုနစ်နာမယ့်ကိစ္စတွေကို ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ခံစရာရှိရင် ကျွန်မတို့ခံမယ်။ လုပ်စရာရှိတာ လုပ်ရမယ့်ဟာကို ကျွန်မတို့ လုပ်မယ်။ ဒါပေမယ့် ပြည်သူလူထုကလည်း ကိုယ့်တာဝန် ကို ကိုယ်ကျေရမယ်ဆိုတာ အခေါက်ခေါက် အခါခါပြောပါတယ်။
ဖေဖေပြောသလို လွတ်လပ်ရေးရတာနဲ့ ပဒေသာပင်ကြီးပေါက်လာမှာ မဟုတ်ပါဘူးဆို သလို ဒီမိုကရေစီရတာနဲ့ပဲ အခွင့်အရေးတွေအားလုံးဟာ အလိုလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအခွင့်အရေး တွေကို ဆက်ပြီးတော့ ထိန်းသိမ်းနိုင်ဖို့အတွက် ကိုယ်ကလည်း ကိုယ့်တာဝန် ကိုယ်ကျေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူလူထုကို ကျွန်မက ခဏခဏ သတိပေးပါတယ်။ အခွင့်အရေးလိုချင်ရင် တာဝန်ကျေရမယ်။ ကိုယ့်တာဝန် ဘာမှန်းမသိရင် အခွင့်အရေးတောင်း နေတာဟာ ဒါဟာမဆီလျော်ဘူး။ အဲဒီတော့ ကိုယ့်တာဝန်မကျေရင် ကိုယ့်အခွင့်အရေးတွေလည်း ကိုယ်ရနိုင်မှာ မဟုတ်ပါဘူး။ အခု တစ်တိုင်းပြည်လုံးက ရောက်နိုင်တဲ့နေရာကိုသွားတဲ့အခါ ပြည်သူလူထုနဲ့တွေ့ဆုံ ဆွေးနွေးပွဲတွေလုပ်ပါတယ်။ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ အများအား ဖြင့်တော့ ညွှန်ကြားချက်ပေးမယ်၊ သြဝါဒစကားပြောမယ်ဆိုပြီး အစီအစဉ်ထဲမှာ ထည့်ပါတယ်။ တကယ်တော့ အဓိကအားဖြင့် ညွှန်ကြားချက်ပေး ဖို့လည်းမဟုတ်ပါဘူး။
သြဝါဒပေးဖို့လည်းမဟုတ်ပါဘူး။ ကျွန်မတို့ပါတီရဲ့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လို ရပ်တည်ချက် တွေရှိလဲ၊ ဘာတွေလုပ်နေလဲဆိုတာကို ပြည်သူလူထုကို အသိပေးဖို့ပဲ။ ပြည်သူ လူထုရဲ့အသံကို ပြန်ပြီးနားထောင်ဖို့ပဲ။ အသံကိုနားထောင်တယ်ဆိုတာ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုတွေက ဘယ်လိုရှိတယ်၊ မျှော်လင့်ချက်တွေက ဘယ်လိုရှိတယ်၊ ပြည်သူလူထုကြားထဲမှာ ကြီးထွားနေတဲ့ ပြဿနာတွေကို ဘယ်လိုအမြန်ဆုံး ဖြေရှင်းပေးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖို့ပဲဖြစ်ပါတယ်။
ဒီလိုအရပ်ရပ် အရွာရွာသွားရင် တစ်နေရာနဲ့တစ်နေရာ တောင်းတဲ့ကိစ္စတွေက သိပ်ပြီးတော့ မကွာခြားပါဘူး။ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဆက်နွှယ်နေတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေက တကယ်တော့ အဖြေတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် အစိုးရတွေက ပေးနိုင်တဲ့ အဖြေတွေပါ။ အဲဒါကြောင့် ကျွန်မ သတိပြုမိတာက တစ်ချို့နေရာမှာဆိုရင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတွေနဲ့ ပြည်သူလူထုကြားမှာ ဆက်ဆံတာဟာ နီးကပ်သင့် သလောက် မနီးကပ်ဘူးလို့ မြင်ပါတယ်။ နီးကပ်တယ်ဆိုရင် ဒီလို အဖြေတွေကို ပြည်သူလူထုက သိပြီးသားဖြစ်ရပါ့မယ်။ ဗဟိုကလာမှ မေးရမယ့်မေးခွန်းတွေ မဟုတ်ပါဘူး။ တိုင်းဒေသကြီး / ပြည်နယ် အစိုးရများကနေပြီး အဖြေပေးနိုင်မယ့်ကိစ္စရပ်တွေပဲ ဖြစ်ပါ တယ်။ အဲဒါကိုတော့ သတိပြုစေချင်ပါတယ်။ တိုင်းဒေသကြီး /ပြည်နယ်အစိုးရတွေနဲ့ သက်ဆိုင်ရာ ပြည်သူလူထုတွေကြားမှာ ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံရေး၊ ထိတွေ့ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ရှိလည်းရှိသင့်ပါတယ်ဟု ပြောကြားပြီး ဒေသခံပြည်သူများတင်ပြထားသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ နိုင်ငံတော် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘဏ္ဍာငွေ ခွဲဝေပေးနေမှု၊ တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက မြစ်ရေ ကြီးမှု ကာကွယ်ပေးရေး၊ Universal Healthcare Law ပြဌာန်းပေးရေး၊ မြေဌားခ အခွန်များ စည်းကြပ်ပေးရေး၊ ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ပင်လယ်ပြင် ကျွန်းများတွင် သန့်စင် ခန်းများဆောင်ရွက်ခွင့်ပြုရေး၊ ငါးလေးလံဈေးအမြန် ဆောင်ရွက်ပေးနိုင်ရေး၊ မောတောင် နယ်စပ်ဂိတ် ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ရေအားလျှပ်စစ် အကောင်အထည် ဖော်ဆောင်ပေးရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရေး၊ တိုင်းရင်းသားဘာသာစကား သင်ကြားပေးနိုင်ရေး၊ မောတောင်နှင့် ထိုင်းနိုင်ငံဘက်ခြမ်းမြို့နယ် အဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အမြဲတမ်း ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ညှိနှိုင်း ပေးရေး၊ ဒီရေတောများအား စနစ်တကျ ထားရှိပေးရေး၊ မြိတ်နည်းပညာ တက္ကသိုလ်မြေယာ ကိစ္စများ အမြန်ဖြေရှင်းပေးရေး၊ ပင်လယ်ပြင် ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ရေး ဖြေလျော့ပေးနိုင်ရေး လိုအပ်သည့်ကိစ္စများ၊ ဆရာ၊ ဆရာမ လိုအပ်ချက်များဖြည့် ဆည်းပေးရေး၊ မြေယာအမှုကိစ္စကြောင့် တရားစွဲဆိုခံရသည့် အခြေအနေ ကူညီ ဖြေရှင်းပေးရေးစသည့် ကိစ္စရပ်များကို တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ချက်ချင်းဆောင်ရွက်ပေးမည့် အစီအမံများ၊ အချိန်ယူ၍ ဖြေရှင်းဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုတွေ့ဆုံပွဲမှ ပြည်သူများ၏ တင်ပြ ချက်များကို အလေးထားသွားမည်ဖြစ်ကြောင်း၊ တစ်ချို့ပြသာနာများကို မဖြေရှင်းပေးနိုင် သော်လည်း မဖြေရှင်းပေးနိုင်သည့် အကြောင်းအရင်းကို ပြန်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို အခြားအဖြေရှာပေးသွားမည်ဖြစ်ကြောင်း၊ ဖြေရှင်းပေးနိုင် သည်များကို အမြန်ဆုံး ဖြေရှင်းပေးသွား မည်ဖြစ်ကြောင်း၊ လောကတွင်ပြသာနာ အားလုံးအတွက် အဖြေတစ်ခုတည်းရှိသည် မဟုတ်ပါ ကြောင်း၊ အဖြေတစ်ခုမရလျှင် နောက်အဖြေတစ်ခု ရှာကြံ၍ရပါကြောင်း၊ တင်ပြချက်များကို မှတ်တမ်း တင်ထားပါကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပြီး ပြည်သူများ၏တင်ပြချက်များကို အလေး အနက်ထား အကောင်အထည်ဖော်သွားပေးမည်ဖြစ်ပါကြောင်း၊ ယခုလိုလာရောက် တင်ပြကြသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူထုတွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သဘာဝငှက်အိမ် သို့ရောက်ရှိပြီး ငှက်သိုက်ထုတ်လုပ်နိုင်ရန် ဇီဝဇိုးဌက်များ မွေးမြူထားမှုကို ကြည့်ရှုသည်။