Follow Us

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ မြို့မဈေးသစ်ဖွင့်ပွဲအခမ်းအနားနှင့် ထားဝယ်မြို့၊ ကမ်းနားဈေး လှည့်လည်ကြည့်ရှု

Sat, 02/09/2019 - 20:16

ယနေ့ နံနက်( ၀၇၀၀ )နာရီအချိန်တွင် သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ပါသည်။ 
ဖွင့်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ ခေတ္တညွှန်ကြားရေးမှူးမှ မြို့မဈေးသစ်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် လက်ဆောင် ပေးအပ်ခဲ့ကြောင်း၊ ဝန်ကြီးချုပ်က မြို့မဈေးမုဒ်ဦးဆိုင်ဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ လာရောက်ဖျော်ဖြေခဲ့သည့် ကရင်ဒိုးယိမ်းအကအဖွဲ့၊ ထားဝယ်ရိုးရာရေအိုးရွက်အဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့တို့အား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း၊ သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် နှင့် သရက်ချောင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့် တို့က မြို့မဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ သရက်ချောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်က ရှင်းလင်းတင်ပြရာတွင် စည်ပင်သာယာရေး အဖွဲ့၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ မြို့မဈေးသည် ၁၉၇၇ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း (၄၂)နှစ် ခန့်ကြာမြင့်ကာ ဟောင်းနွမ်းယိုယွင်းပျက်စီးနေပြီ ဖြစ်ပါသဖြင့် ဈေးအသစ်ဆောက်လုပ်ရန် (၁၉.၅.၂၀၁၈) ရက်နေ့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ်(၁၉၉)သန်း၊ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေကျပ် (၁၀၀)သန်း ၊ စုစုပေါင်း ကျပ် (၂၉၉)သန်းဖြင့် မြို့မဈေး(၂)ထပ်ဈေးသစ်ကို ဆောက်လုပ်ခဲ့ကြောင်း၊ ယခု မြို့မဈေးသစ်၏ ပထမထပ်တွင် (၁၅×၇)ပေ (၁၃)ခန်း၊ (၁၀×၇)ပေ (၁၉)ခန်း၊ (၈×၇)ပေ (၆)ခန်း စုစုပေါင်း(၃၈)ခန်းရှိပါကြောင်း၊ မြေညီထပ် တွင် (၄)ပေ အကျယ် ပျံကျဈေးဆိုင်ခန်း(၈၅)ခန်းပါဝင်ပြီး ဆက်စပ်လုပ်ငန်းအနေဖြင့် ကျား/မ (၄)ခန်းတွဲ အိမ်သာ(၁)လုံး၊ အဝေစီရေတွင်း (၁)တွင်း တို့ကိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဈေးသူဈေးသားများ၏ ကိုယ်စား ဦးအေးဝင်းမှ မြို့မဈေးသစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ ဝန်ကြီးချုပ် နှင့်အဖွဲ့က  မြို့မဈေးသစ်အား လှည့်လည်ကြည့်ရှုခဲ့ပြီး ဈေးသစ်အား ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာ လှပရေးတို့အား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း၊ အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ 
ယင်းနောက် နံနက်(၀၈၃၀)နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထားဝယ်မြို့၊ သင်္ဘောဆိပ် ရပ်ကွက်ရှိ ကမ်းနားဈေးသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးမှ ဈေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည့်အပေါ် ကမ်းနားလမ်းဈေးနှင့် ပျံကျဈေးတို့သည် ခြံစည်းရိုး ကာရံထားခြင်းမရှိသဖြင့် အထဲနှင့်အပြင် ရှုပ်ယှက်ခတ်နေကြောင်း၊ ဈေးရုံအသစ်ဆောက်လုပ်ပြီး စနစ်တကျ နေရာချထားပေးပါက ကမ်းနားလမ်းမှာ သာယာလှပလာမည် ဖြစ်ပါကြောင်း၊ နှစ်ထပ်ဈေးရုံဆောက်လုပ်ခြင်း နှင့် ခြံစည်းရိုးကာရံခြင်းတို့အတွက် ကုန်ကျမည့်ငွေကို ပြန်လည်တွက်ချက်တင်ပြပေးရန်နှင့် မိုးမကျမီ အမြန်ဆောက်လုပ်သွားရန်လိုကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိပါသည်။